CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၅

နိုင်ငံစုံပါဝင်သည့် မူဝါဒကို ထိန်းသိမ်းရန်နှင့် နိုင်ငံအချင်းချင်း အဆက်ဖြတ်မှုများကို ငြင်းပယ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) ကို တိုက်တွန်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ရှီသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်သို့ အလည်အပတ် ရောက်ရှိလာသည့် မက်ခရွန်နှင့် ဒီဇင်ဘာ ၄ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ပြင်သစ်တို့သည် အခြားနိုင်ငံများကို နားလည်သင့်ပြီး ထောက်ခံပေးသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့နောက် ယူကရိန်းစစ်ပွဲ အပါအဝင် တခြားသော အရေးကိစ္စ အများအပြားကို ဆွေးနွေးခဲ့ကြသည်။

မက်ခရွန်နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ရှီက ၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုများသည် ရင်းနှီးမှု၊ ပွင့်လင်းမှုနှင့် အကျိုးဖြစ်ထွန်းမှုတို့ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ကို တွေ့ရစဉ်

ထို့ပြင် တရုတ်နှင့် ပြင်သစ်ကြား အဓိပ္ပာယ်ပြည့်ဝသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု၏ စံတန်ဖိုးများ နှင့် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုတို့ကို ထိန်းသိမ်းသင့်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် တရုတ်သို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်သည် ၎င်း၏ သက်တမ်းအတွင်း စတုတ္ထအကြိမ်မြောက် တရုတ်ခရီးစဉ်ဖြစ်သည်။

မက်ခရွန်သည် ဒီဇင်ဘာ ၃ ရက်ကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် (Sichuan) ပြည်နယ် ချန်းဒူ (Chengdu) မြို့သို့ သွားရောက်လည်ပတ်ခဲ့သည်။

ထို့ပြင် မက်ခရွန်သည် ဒီဇင်ဘာ ၅ ရက်တွင်လည်း ရှီနှင့် ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ရှီနှင့် မက်ခရွန်တို့သည် ဒီဇင်ဘာ ၄ ရက်ကလည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးပွဲနှင့် ဘေဂျင်းမြို့တွင် ပြုလုပ်သည့် သတ္တမအကြိမ်မြောက် တရုတ်-ပြင်သစ် စီးပွားရေးကောင်စီ ပိတ်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ခဲ့သည်။

Source: Nikkei Asia