CNI International News

တိုင်ပေ၊ မတ်လ ၃၁

ထိုင်ဝမ်၏ အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီ(KMT)ဥက္ကဋ္ဌ ချမ်းလီဝမ် (Cheng Li-wun) သည် တရုတ်နိုင်ငံသို့ သွားမည်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်(Xi Jinping)နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။  

ချမ်းလီဝမ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ဖိတ်ကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသို့ သွားရောက် ရန် စီစဉ်နေခြင်းဖြစ်သည်။

တရုတ်သို့ သွားရောက်မည့် ချမ်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၇ ရက်မှ ၁၂ ရက်အထိ ကျန်းစု (Jiangsu) ၊ ရှန်ဟိုင်း (Shanghai)နှင့် ဘေကျင်း (Bejing) မြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

ချမ်း အနေဖြင့် အမေရိကန်သို့ မသွားရောက်မီ တရုတ်သို့ အရင်သွားရန် ဆုံးဖြတ်ချက်အပေါ် ပြည်တွင်း၊ ပြင်ပမှ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ချမ်းကမူ ရှီနှင့် တွေ့ဆုံခြင်းသည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်စလုံး ငြိမ်းချမ်းရေးအတွက် အရေးပါသော အခြေခံအုတ်မြစ် ဖြစ်လာနိုင်သည်ဟု ယုံကြည်ထားသည်။

ထိုင်ဝမ်အတိုက်အခံ ခေါင်းဆောင် ချမ်းလီဝမ်ကို တွေ့ရစဉ်

ချမ်း၏ တရုတ်ခရီးစဉ်သည် ထိုင်ဝမ်နှင့် တရုတ်ကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း အာဏာရ DPP ပါတီ ဦးဆောင်သည့် ထိုင်ဝမ်အစိုးရသည် တရုတ်၏ ကျူးကျော်မှုကို ခုခံရန် ကာကွယ်ရေးအသုံးစရိတ် ထိုင်ဝမ်ဒေါ်လာ ၁ ဒသမ ၂၅ ထရီလျံ သုံးစွဲရန် အဆိုပြုထားသည်။

ကူမင်တန်ပါတီ(KMT)ကမူ အမေရိကန် လက်နက်များ ဝယ်ယူရန် ထိုင်ဝမ်ဒေါ်လာ ၃၈၀ ဘီလျံသာ လျာထားရန် ဆန္ဒရှိနေပြီး အစိုးရနှင့် သဘောထား ကွဲလွဲလျက်ရှိသည်။

သို့သော် KMT ပါတီဝင် အချို့ကမူ ပါတီ၏ မူလ အဆိုပြုချက်ထက် ပိုမိုမြင့်မားသော စစ်ရေးအသုံးစရိတ်ကို တောင်းဆိုနေကြသည်။

ထိုင်ချွမ်း (Taichung) မြို့တော်ဝန် လူရှောင်းယန်(Lu Shiow-yen) က ကာကွယ်ရေး အသုံးစရိတ်ကို ထိုင်ဝမ် ဒေါ်လာ ၈၀၀ ဘီလျံမှ ၁ ထရီလျံကြား သတ်မှတ်သင့်ကြောင်း အကြံပြုထားသည်။

ချမ်း၏ ခရီးစဉ်နှင့် ကာကွယ်ရေး အသုံးစရိတ် ငြင်းခုံမှုများသည် လာမည့် ၂၀၂၈ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲ အတွက် အရေးပါသော နိုင်ငံရေး အခင်းအကျင်းများ ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

Source: Nikkei Asia