CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၂၈
ထိုင်ဝမ်သမ္မတ ဝီလျံ လိုင်ချင်တေ(William Lai Ching-te) က တရုတ်နိုင်ငံ၏ အမည်ကို တရုတ်ပြည်မကြီး (Mainland China) ဟု ရှားရှားပါးပါး ရည်ညွှန်းပြောဆိုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ စကားလုံး အသုံးအနှုန်း ပြောင်းလဲခေါ်ဆိုခြင်းသည် လာမည့်လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ထိပ်သီး အစည်းအဝေး မတိုင်မီ လိုင် အနေဖြင့် စကားလုံး အသုံးအနှုန်းကို သတိထား ရွေးချယ်နေသည့် လက္ခဏာဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်က တရုတ်ပြည်မကြီးတွင် လုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်ဝမ်စီးပွားရေး သမားများနှင့် တွေ့ဆုံပွဲ၌ လိုင်ချင်တေသည် တရုတ်ပြည်မကြီးဆိုသော စကားလုံးကို အကြိမ်ကြိမ် အသုံးပြုခဲ့သည်။
ထိုစကားလုံး အသုံးပြုမှုသည် လိုင်အတွက် ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့ချိန်မှစ၍ ၎င်း၏ မိန့်ခွန်းများတွင် တရုတ်ဟုသာ အစဉ်တစိုက် သုံးစွဲခဲ့ခြင်းနှင့် သိသိသာသာ ကွဲပြားနေသည်။
ထိုင်ဝမ်စီးပွားရေး အသိုင်းအဝိုင်းနှင့်အတူ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပသည့် နှစ်ပတ်လည် တွေ့ဆုံပွဲတွင် လိုင်က ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိ အခြေအနေကို ဆက်လက် ထိန်းသိမ်းထားရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
“ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးမှာ ငြိမ်းချမ်းရေးနဲ့ အတူတကွ သာယာဝပြောရေးဆီကို ဦးတည်နိုင်ဖို့ အတွက် ပြည်မကြီးနဲ့ အပြန်အလှန် ဖလှယ်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်” ဟု လိုင်က ပြောကြားခဲ့သည်။
ထရမ့်သည် လာမည့် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ သွားရောက်မည့် တရုတ်ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကာ ၎င်းတို့နှစ်ဦးသည် ထိုင်ဝမ်အရေးကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။
ထိုခရီးစဉ်မတိုင်မီ အမေရိကန်၏ ဖိအားပေးမှုကြောင့် လိုင်သည် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများကို လျှော့ချသည့် အနေဖြင့် ယခုကဲ့သို့ စကားလုံး အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် အစိတ်အပိုင်း တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည်ဟု သတိပေးထားသည်။
Source: South China Morning Post
