CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၈
အိန္ဒိယလေတပ် (IAF) သည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စစ်ဆင်ရေးအသင့်ရှိမှုကို ပြသရန်အတွက် ရာဂျက်စသန် (Rajasthan) ပြည်နယ်သား သဲကန္တာရ (Thar Desert)အတွင်းရှိ ပိုခရန် (Pokhran) မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုများအား စတင်ပြုလုပ်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုတွင် လေတပ်၏ ပစ်ခတ်မှုစွမ်းအားနှင့် ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်စွမ်းတို့ကို ထုတ်ဖော်ပြသသွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လေ့လာဆန်းစစ်သူများကမူ အိန္ဒိယလေတပ်၏ စစ်ရေးလေ့ကျင့်မှုများကို အိမ်နီးချင်း ပြိုင်ဘက်နိုင်ငံများဖြစ်သော ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့က အနီးကပ် စောင့်ကြည့်ကြလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဟင်ဒီဘာသာစကားဖြင့် လေကြောင်းအင်အားဟု အဓိပ္ပာယ်ရသည့် Vayu Shakti ဟု အမည်ပေးထားသော ထိုစစ်ရေး လေ့ကျင့်မှုတွင် ဖောက်ခွဲရေးပစ္စည်း ၁၂,၀၀၀ ကီလိုဂရမ် အပါအဝင် လက်နက် အမျိုးအစားပေါင်း ၂၇၀ ကျော်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း IAF က ပြောကြားသည်။
ထို့ပြင် တိုက်လေယာဉ်အစင်း ၇၀ ကျော်၊ ရဟတ်ယာဉ်အစင်း ၄၀ ကျော်နှင့် လေကြောင်း သယ်ယူပို့ဆောင်ရေး ဂျက်လေယာဉ် ၈ စင်းတို့လည်း ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။

အိန္ဒိယတိုက်လေယာဉ်ကိုတွေ့ရစဉ်
စစ်ရေးလေ့ကျင့်မှုအတွင်း ဒရုန်းများ၊ ဒရုန်းကာကွယ်ရေးစနစ်များနှင့် Akash နှင့် Spyder ကဲ့သို့သော မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းစနစ်သုံး လက်နက်များကိုလည်း ထည့်သွင်းပြသသွားမည် ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် တိုက်လေယာဉ်များထဲတွင် ပြင်သစ်နိုင်ငံထုတ် Rafale နှင့် Mirage-2000၊ ရုရှား နိုင်ငံထုတ် Su-30MKI နှင့် MiG-29၊ ဗြိတန်နှင့်ပြင်သစ် ပူးပေါင်းထုတ်လုပ်ထားသည့် Jaguar တိုက်လေယာဉ်များ ပါဝင်မည်ဖြစ်သည်။
အိန္ဒိယပြည်တွင်းထုတ် အပေါ့စား တိုက်လေယာဉ် Tejas သည်လည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ် ကြောင်း IAF က ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော်လည် မကြာသေးမီက Tejas လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် IAF က Tejas လေယာဉ်များ အသုံးပြုမှုကို ယာယီပိတ်ပင်ထားကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြခဲ့သည်။
“ဒါဟာ အခြေခံအားဖြင့်တော့ လေယာဉ်တွေအားလုံးက လက်နက် အစစ်အမှန်တွေကို ကြဲချပစ်ခတ်ပြတဲ့ စစ်ရေး စွမ်းရည်ပြပွဲတစ်ခုပါ။ ပြီးခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ယှဉ်ရင် ဘယ်လောက်အထိ စွမ်းဆောင်ရည်တွေ တိုးတက်လာသလဲဆိုတာကို ပြည်တွင်းရော ပြည်ပကိုပါ အသိပေးဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်”ဟု အငြိမ်းစား IAF လေကြောင်းဗိုလ်ချုပ်ကြီး ရာဗီ ကပူးရ် (Ravi Kapoor) က ပြောကြားခဲ့သည်။
Source: Nikkei Asia
