CNI International News
ဘေဂျင်း၊ ဇူလိုင် ၂
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် လာမည့် ဆောင်းဦးရာသီ၌ ကြီးမားသည့် စစ်ရေးပြအခမ်းအနား ပြုလုပ် မည်ဖြစ်သည်။
ထိုစစ်ရေးပြ အခမ်းအနားသည် ထိုင်ဝမ်ကို အာရုံစိုက်ခြင်း မဟုတ်သော်လည်း ထိုင်ဝမ်ကို သတင်းစကားအချို့ ပေးပို့ဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် တရုတ်သည် ထိုစစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများ အပြင် တရုတ်နှင့် ထိုင်ဝမ်ကြား သမိုင်းကြောင်း ချိတ်ဆက်မှုများကိုပါ ထုတ်ဖော်ပြသဖွယ်ရှိပြီး နိုင်ငံရေးမက်ဆေ့ချ်များ ပေးပို့လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။
စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် ထိုစစ်ရေးပြ အခမ်းအနားသည် ဒုတိယကမ္ဘာစစ် အဆုံးသတ်သည့် နှစ်ပေါင်း ၈၀ ပြည့် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေသည်။
ထိုစစ်ရေးပြ အခမ်းအနားအတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ခေတ်အမီဆုံးနှင့် နောက်ဆုံးပေါ် လက်နက်များ ပါဝင်မည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က တရုတ်၏ နိုင်ငံခြားရေးမူဝါဒနှင့် စစ်တပ်အပေါ် ထားရှိသည့် အနာဂတ်ရည်ရွယ်ချက်များကို မိန့်ခွန်းပြောကြားဖွယ်ရှိသည်။
ထိုင်ဝမ်စစ်ရေးပြနေစဉ်
ထိုစစ်ရေးပြ အခမ်းအနားတွင် ထိုင်ဝမ်နှင့်ပတ်သက်သည့် အကြောင်းအရာများ ပါဝင်လိမ့်မည် မဟုတ်ဘဲ တရုတ်သည် ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း ယခင်ကတည်းက ကြေညာထားပြီးဖြစ်သည်။
ထို့ပြင် PLA သည် ၎င်း၏ နောက်ဆုံးပေါ် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ၊ မောင်းသူမဲ့ လက်နက်စနစ်များ အပါအဝင် ခေတ်မီလက်နက်များကို ထုတ်ဖော်ပြသဖွယ်ရှိသည်။
PLA ရေတပ်၏ နောက်ဆုံးပေါ် လေယာဉ်တင် သင်္ဘောကိုလည်း ပြသမည်ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်သည် လေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်နိုင်သည့် တိုက်လေယာဉ် အမျိုးအစားသစ်များကို ထုတ်ဖော်ပြသဖွယ်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
မကြာသေးမီက တရုတ်၏ လေယာဉ်တင် သင်္ဘောများသည် ထိုင်ဝမ်ကျွန်းအနီးတွင် မောင်းနှင်ခဲ့ပြီး ထိုင်ဝမ် အရှေ့ဘက်ကမ်းလွန်၌ တရုတ်တိုက်လေယာဉ်များ ပျံသန်းခဲ့သည်။
လေယာဉ်တင် သင်္ဘောပေါ်မှ ပျံတက်နိုင်သည့် တိုက်လေယာဉ် အမျိုးအစားသစ်များကို ထုတ်ဖော် ပြသခြင်းသည် တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေမှုကို ပြသခြင်းဖြစ်ကြောင်း တရုတ်စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူ ဝေတုန်ရှု (Wei Dongxu) က ပြောကြားခဲ့သည်။
ထို့ပြင် J-15T နှင့် J-35 တိုက်လေယာဉ်များကိုလည်း အဆင့်မြှင့်တင်ပြီး စစ်ရေးပြ အခမ်းအနားတွင် အလှပြ ပျံသန်းဖွယ်ရှိသည်ဟု ဝေက ပြောကြားခဲ့သည်။
Source: South China Morning Post