CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၁၉
တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၁၈ ရက်က သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတား တစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုး (Ma Ying-jeou)က ပြောကြား ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် မာက တရုတ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့်ဆက်ဆံရေး အဆင်ပြေသည့် ထိုင်ဝမ်၏ အတိုက်အခံပါတီဖြစ်သော ကူမင်တန် (Kuomintang)ပါတီ ဝင်ဖြစ်သည့် မာသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ထိုင်ဝမ်ကို သမ္မတအဖြစ် အုပ်ချုပ်ခဲ့သည်။
မာသည် ထိုင်ဝမ်နှင့် တရုတ်အကြား ရင်းနှီးသည့် ဆက်ဆံရေးရှိစေရန် လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
မာ၏ သမ္မတရာထူးကို ဆက်ခံခဲ့သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ခေါင်းဆောင် ဆိုင်အင်ဝမ်(Tsai Ing-wen) အာဏာရလာခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်နှင့် တရုတ်အကြား ဆက်ဆံရေးတင်းမာခဲ့သည်။
ဆိုင်သည် ထိုင်ဝမ်ကို အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည့် တရုတ်၏ ပြောကြားချက်ကို ငြင်းဆိုသူ ဖြစ်သည်။
ထိုင်ဝမ်သမ္မတဟောင်း မာယင်ကျိုးနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
ကျောင်းသားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်သို့ သွားရောက်သည့် မာက ယခုကဲ့သို့ တင်းမာမှု မြင့်တက်နေသည့် အချိန်တွင် တရုတ်နှင့် ထိုင်ဝမ် လူငယ်များအကြား ထိတွေ့ဆက်ဆံမှုများသည် ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေးများအတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထိုခရီးစဉ်သည် နိုင်ငံရေးအန္တရာယ်များအတွင်း ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတားတစ်ခု တည်ဆောက်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း မာက ပြောသည်။
"ထိုင်ဝမ်နဲ့ တရုတ် လူငယ်တွေအကြား ထိတွေ့ဆက်ဆံမှုတွေနဲ့ အပြန်အလှန် နားလည်မှုတွေ နက်ရှိုင်းလာမှုနဲ့ အတူ အနာဂတ်မှာ ထိုင်ဝမ်နဲ့ တရုတ်အကြား ပဋိပက္ခတွေ ပိုပြီးနည်းလာလိမ့်မယ်လို့ ကျနော် မကြာခဏ ပြောခဲ့ပါ တယ်" ဟု မာက ရှန်ဟိုင်း(Shanghai)သို့ မထွက်ခွာမီ တိုင်ပေ (Taipei) မြို့တော်၏ နိုင်ငံတကာလေဆိပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုခရီးစဉ်အတွင်း မာသည် တရုတ်သမ္မတရှီနှင့် တွေ့ဆုံမည် ဟုတ်/မဟုတ် ရှင်းလင်းစွာ မသိရပေ။
မာနှင့်ရှီတို့သည် ၂၀၁၅ ခုနှစ် အစည်းအဝေး ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ယခုနှစ် ဧပြီလတွင် ဘေကျင်း (Beijing ) ၌ တွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
Source: CAN