CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲ ပြင်ဆင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြီးခဲ့သည့် NLD နှင့် USDP အစိုးရ လက်ထက်များ ကတည်းက ကြိုးစားခဲ့သော်လည်း ပြင်ဆင်နိုင်ခဲ့ခြင်း မရှိပေ။
သို့သော် လက်ရှိ အုပ်ချုပ်နေသည့် နစကလက်ထက်တွင် NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ တို့ကြား ဆွေးနွေးကြရာမှာ အခြေခံမူ ၄၃ ချက်အား ပြင်ဆင်ရန် သဘောတူညီမှု ရထားကြောင်း နိုင်ငံရေးပါတီ များထံမှ သိရသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်နေကြောင်း သက်သေပြသနေပြီးဖြစ်၍ ပြင်ဆင်သည့်အခါမှာ ခေတ်နှစ်အညီ ပြင်ဆင်ရန်လိုသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို တွေ့ရစဉ်
၎င်းက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ကျိန်းသေပြင်မှာပဲ။ ပြင်ဖို့ကိုလည်း တပ်မတော်က သဘောတူပြီး သား ဖြစ်တယ်။ ပြီးခဲ့တဲ့ NLD အစိုးရအဖွဲ့ကလည်း ကြိုးစားခဲ့တယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ သူတွေက လည်း ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတာ ကန့်ကွက်တဲ့သူ ဘယ်သူမှ မရှိဘူး။ ဘာလို့ဆို ၂၀၀၈ တုန်းက ပေါ်ထွက်လာတဲ့ အခြေခံဥပဒေ ဖြစ်တယ်ဆိုပေမယ့်လည်း အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သက္ကရာဇ် ၂၀၀၀ မတိုင်ခင်က အတွေးအခေါ် အယူအဆ၊ သက္ကရာဇ် မတိုင်ခင်က မြန်မာနိုင်ငံရဲ့ အနေအထားတွေကို အခြေခံပြီး ရေးဆွဲခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အခု နှစ်အစိတ်ကြာလာတဲ့အခါမှာ လက်တွေ့ပေါ့နော်၊ လက်တွေ့မှာ ပြင်ဖို့လိုနေတယ် ဆိုတာ ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းက သက်သေပြနေတယ်။ ဒီကနေ့ တိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေ တယ်။ အငြင်းပွားမှုတွေ ဖြစ်နေတယ်။ ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေ ဖြစ်တယ်ဆိုတာ ကို ဘယ်သူကမှ ငြင်းလို့မရဘူး။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ သက်ဆိုင်ရာ state-holder အသီးသီးက သဘောတူထားပြီးသားကိစ္စ ဖြစ်တယ်။ မပြင်ဘူးလို့ ဘယ်သူကမှတော့ ငြင်းမနေဘူး” ဟု ပြောသည်။
NSPNC နှင့် နိုင်ငံရေးပါတီများ ပြီးခဲ့သည့် ဇန်နဝါရီလက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တွင် ပြင်ဆင်ရန် အတည်ပြုခဲ့ကြသော အချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှ ၁၀ ချက်၊ ဥပဒေပြု ရေးဘက်မှ ၇ ချက်၊ နိုင်ငံတော် အကြီးအကဲများနှင့်ပတ်သက်၍ ၃ ချက်၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ၁၀ ချက်ခန့် ရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖြစ်မလာသင့်သော အခြေခံဥပဒေဖြစ်ကာ မြန်မာ့တပ်မတော်မှ ၎င်းတို့ အာဏာတည်မြဲရေး စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အသစ်ရေးဆွဲပြီး နိုင်ငံသစ်ကို ပြန်ပုံဖော်ရမည်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “မြန်မာနိုင်ငံမှာရှိနေတဲ့ လက်နက်ကိုင်တွေဆီမှာ လက်နက်ကိုင်တွေဆိုတာ အထူးသဖြင့် စစ်အာဏာသိမ်း ထားတဲ့ လက်ရှိအာဏာကို ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့ တပ်ကနေပြီး တိုင်းပြည်အတွက် တကယ် စေတနာ ရှိတယ်ဆိုရင် တိုင်းပြည်ကို တကယ် ဖွံ့ဖြိုးစေချင်တယ်၊ တိုးတက်စေချင်တယ်၊ တည်ငြိမ်စေချင်တယ် ဆိုရင် သူတို့အာဏာကို စွန့်ရပါလိမ့်မယ်။ သူတို့အာဏာကို မစွန့်ဘဲနဲ့ ကျန်တာတွေ ပြောနေလို့လည်း သူတို့ အပေါင်းအပါတွေနဲ့ သွားလို့ရတယ်ဆိုရင်တောင်မှ အခုအခက်အခဲ အဟန့်အတားကို ကျော်နိုင်တယ်ဆိုရင်တောင် မှ ဘယ်နှနှစ်မှ အဲဒီဟာက ကြာရှည်မှာ မဟုတ်ဘူး။ အခုလိုပဲ ပြန်ပြီး ဆိုးဝါးတဲ့ အခြေအနေတွေ ပြန်ကြုံရမှာပါ။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးကို ပေးကိုပေးရမယ်။ ကျနော်တို့နိုင်ငံကို ဖွဲ့စည်းပုံအသစ်၊ လူ အသစ်နဲ့ တကယ့်ကို ဖွဲ့စည်းပုံ ကောင်းကောင်းတစ်ခု ရေးပြီးမှ ပြန်ပြီးတော့ နိုင်ငံသစ်ကို ပြန်ပုံဖော်ရလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
၂၀၂၀ ပြည့်နှစ် လွှတ်တော်ကာလတုန်းက NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်အုပ်လုံးနီးပါး ပြင်ဆင်နိုင်ရေး အဆိုတင်သွင်းခဲ့ကြသေးသည်။ သို့သော် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်မည့်ဖြစ်၍ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိ မျက်မှောက်ခေတ်သည် နည်းပညာခေတ်ဖြစ်လာသလို လူငယ်များ၏ စဉ်းစားတွေးခေါ်ပုံများ၊ အိမ်နီးချင်း နိုင်ငံများ၏ ပထဝီနိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းရှိ လူမှု-စီးပွား အခြေအနေများ စသဖြင့် အချက် များဖြင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ဖြစ်အောင် ပြင်ဆင် ရေးဆွဲရန်လိုအပ်လာသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။