CNI International News

တိုင်ပေ၊ နိုဝင်ဘာ ၃၀

ထိုင်ဝမ်သမ္မတ လိုင်ချင်တေ (Lai Ching-te) သည် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ထိုင်ဝမ်၏ ပစိဖိတ်မဟာမိတ်များဖြစ်သည့် ပါလာအူကျွန်းနိုင်ငံ၊ မာရှယ်ကျွန်းနိုင်ငံနှင့် တူဗာလူကျွန်းနိုင်ငံများသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုခရီးစဉ်သည် သံတမန်ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ထိုခရီးစဉ်သည် လိုင်အတွက် ထိုင်ဝမ်သမ္မတအဖြစ် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ကြောင်း၊ အမေရိကန်ကိုလည်း ဝင်ရန်စီစဉ်ထားသဖြင့် တရုတ်က လိုင်ကို ခြိမ်းခြောက်မှုများ တိုးမြှင့်ခဲ့သည်။

လိုင်ကမူ ထိုပစိဖိတ်ခရီးစဉ်သည် ပစိဖိတ်ဒေသတွင်း ထိုင်ဝမ်၏ အနည်းငယ်သော သံတမန်မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေး မြှင့်တင်ရန်နှင့် ထိုင်ဝမ်အပေါ် ထောက်ခံမှု မြှင့်တင်ရန် ရည်ရွယ်ထားသည်။

လိုင်သည် ပင်လယ်ရေကြောင်း လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲရေးတို့ကဲ့သို့ ထိုင်ဝမ်က ထောက်ပံ့ပေးနိုင်သည့် နယ်ပယ်ကဏ္ဍများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားဖွယ်ရှိသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေကို တွေ့ရစဉ်

ခရီးစဉ်၏ အသေးစိတ်ကို အတည်မပြုသေးသော်လည်း လိုင်သည် အမေရိကန်၏ ဟာဝိုင်ယီ (Hawaii ) နှင့် ဂူအမ် (Guam) ကျွန်းများတွင် ခရီးတစ်ထောက် ဝင်ရောက်ရပ်နားဖွယ်ရှိနေသည်။

ယခင် ထိုင်ဝမ် ခေါင်းဆောင်များသည်လည်း ပစိဖိတ်ခရီးစဉ်များအတွင်း အမေရိကန်တွင် ခရီးတစ်ထောက် ဝင်ရောက်ရပ်နားကာ အမေရိကန်အရာရှိများနှင့်တွေ့ဆုံပြီး ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။

တရုတ်ကမူ ထိုင်ဝမ်နှင့် အမေရိကန်အရာရှိများ ထိုကဲ့သို့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများကို ပြင်းထန်စွာ ဝေဖန် ခဲ့ပြီး ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုခရီးစဉ်တွင်လည်း လိုင်သည် အမေရိကန်ကို ဝင်မည်ဆိုပါက တရုတ်က ၎င်း၏ ဒေါသကို ဖော်ပြသည့် အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

ပစိဖိတ်ဒေသသည် တရုတ်နှင့် အမေရိကန်အကြား ဩဇာလွှမ်းမိုးရေးအတွက် အားပြိုင်သည့် နေရာတစ်ခုဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နှင့်အမေရိကန်၏ အားပြိုင်မှုကြားတွင် ရှိနေသည်။

Source: Asia Times