CNI International News
တဲလ်အဗစ်၊ မတ်လ ၃၁
ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်နေမှုကို ရပ်တန့်ရန်အတွက် လက်ဘနွန်တောင်ပိုင်းတွင် စစ်ဆင်ရေးများကို ထပ်မံတိုးမြှင့်ရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု(Benjamin Netanyahu)က စစ်တပ်ကို အမိန့်ပေးထားကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က အစ္စရေးသည် လီတာနီမြစ် (Litani River) အထိ ကြားခံနယ်မြေကို တိုးချဲ့သတ်မှတ် နေကြောင်း ပြောကြားခဲ့သည်။
သို့သော် နေတန်ယာဟု၏ ရည်ညွှန်းချက်မှာ ထိုနယ်မြေကို ဆိုလိုခြင်း သို့မဟုတ် အခြားနယ်မြေများကို ထပ်မံ သိမ်းပိုက်ရန် ဆိုလိုခြင်း ဖြစ်မည်ကိုမူ ချက်ချင်း ရှင်းလင်းစွာ မသိရသေးပေ။
“ကျူးကျော် ဝင်ရောက်လာမယ့် ခြိမ်းခြောက်မှုတွေကို နောက်ဆုံးအနေနဲ့ ဟန့်တားနိုင်ဖို့နဲ့ ကျနော်တို့ နယ်စပ်ကို ပစ်ခတ်နေတဲ့ တင့်ကားဖျက် ဒုံးကျည်တွေကို တားဆီးနိုင်ဖို့ အခုရှိနေတဲ့ လုံခြုံရေးနယ်မြေကို ထပ်မံတိုးချဲ့ဖို့ ကျနော် ညွှန်ကြားထားပါတယ်”ဟု နေတန်ယာဟုက အစ္စရေးမြောက်ပိုင်း စစ်ဌာနချုပ်မှတဆင့် ဗွီဒီယိုဖြင့် ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို တွေ့ရစဉ်
အစ္စရေးတပ်ဖွဲ့များသည် ကျန်ရှိနေသော တံတားများနှင့် အစ္စရေးနယ်စပ် မြောက်ဘက် ကီလိုမီတာ ၃၀ (၂၀ မိုင်) အကွာတွင် မြေထဲပင်လယ်အတွင်းသို့ စီးဝင်သော လီတာနီမြစ်အထိ လုံခြုံရေးနယ်မြေကို ထိန်းချုပ်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်(Israel Katz) က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန် ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများနှင့် မြေပြင် စစ်ဆင်ရေးများကြောင့် လက်ဘနွန်နိုင်ငံတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များ အပါအဝင် လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်ဟုဆိုသည်။
အစ္စရေးစစ်တပ်ကမူ လက်ဘနွန်တောင်ပိုင်း တိုက်ပွဲများအတွင်း ၎င်းတို့၏ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
