CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူမှာ လက်ရှိတွင် များပြားနေသော်လည်း တစ်ဖက်နိုင်ငံမှ အလုပ်ခေါ်စာမှာ မရှိသလောက် နည်းပါးကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ (MOEAF)နှင့် အေဂျင်စီတို့က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါအခြေအနေသည် အေဂျင်စီတိုင်းနီးပါး ကြုံတွေ့နေရခြင်းဖြစ်ကာ မလေးရှားသို့သွားရောက် အလုပ်လုပ် ကိုင်ချင်သည့် လူဦးရေသည် ကိုဗစ်မတိုင်ခင်ကာလထက် များပြားနေကြောင်း ပွင့်ဖူးအောင်အေဂျင်စီမှ ဒါရိုက်တာ ကိုနွေကိုကိုလင်းက CNI သတင်းဌာနသို့ ပြောသည်။

“အရင်ခေတ် ကိုဗစ်မတိုင်ခင်တုန်းကဆိုရင် မလေးရှားပို့ဖို့ဆိုရင် demand တွေကရှိပြီး လူရှာဖို့က အင်မတန် ခက်တယ်။ အခုကျတော့ ဟိုဘက်က အခြေခံလစာ တိုးလာတာလည်း ပါမလားတော့မသိဘူး။ ၁၅၀၀ (ရင်းဂစ်) ဖြစ်သွားတာဆိုတော့ အခုနောက်က မလေးရှားသွားချင်တဲ့လူ ပိုများလာတယ်။ အခုက မေးတဲ့လူတော်တော် များတယ်။ အကိုတို့ကုမ္ပဏီလည်း အလုပ်က မရှိသေးဘူးချည်းပဲ ပြောနေရတာ။ အခုခေတ်မှာကျတော့ မလေးရှား ကို သွားချင်တဲ့လူ တအားများပြီး အလုပ်တွေ ရှားနေတယ်။ အရင်တုန်းက အလုပ်တွေရှိပြီးတော့ လူကရှားတယ်။ အဲဒီလိုဖြစ်နေတာ။ မလေးရှားအလုပ်ကမရှိဘူးလေ။ လာမေးတဲ့လူတွေက တအားများနေတယ်။ အရင်ခေါ်စာ အဟောင်းတွေက မလေးရှားတို့ကတော့ သိတဲ့အတိုင်းပဲလေ။ ထိုင်းတို့ဘာတို့လို လူများများစားစား ခေါ်တာ မဟုတ်ဘူး။ ၁၀ ယောက် ခေါ်၊ ၁၅ ယောက် ခေါ်၊ အများဆုံးမှ ၅၀ လောက်ပဲ ခေါ်ကြတာ” ဟု ၎င်းကပြောသည်။

မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

မလေးရှားနိုင်ငံမှ အလုပ်ခေါ်စာများတွင် စက်ရုံ၊ အလုပ်ရုံနှင့် စားသောက်ဆိုင်လုပ်ငန်းတို့မှ အများဆုံး ခေါ်ယူ ကြခြင်းဖြစ်ကာ Electronic စက်ရုံများမှ လုပ်သားခေါ်ယူသည့်အခါတွင် လူဦးရေရာချီခေါ်ယူကြောင်း သိရသည်။

မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် အေဂျင်စီများထံသို့ စုံစမ်းမေးမြန်းသည့်အထဲတွင် နယ်ဘက် မှ သွားရောက်မည့်သူ ပိုများကြောင်းသိရသည်။

မလေးရှားသို့ အလုပ်သမားစေလွှတ်ရာတွင် ယခင်က ဝန်ဆောင်ခစရိတ်သည် အလုပ်သမားတစ်ဦးလျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ ဝန်းကျင်ခန့်သာ ကုန်ကျသော်လည်း ယခုအခါတွင် ဒေါ်လာဈေး မြင့်မားမှုကြောင့် အလုပ်သမားတစ်ဦးလျှင် ပျမ်းမျှ ဒေါ်လာ ၁၀၀၀ ကျော်ကုန်ကျကာ အေဂျင်စီအပေါ်တွင် မူတည်ကာ ပမာဏ ကွာခြားမှုရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားသို့ သွားရောက်ချင်သည့်သူ များပြားနေသဖြင့် ပို့ဆောင်မည်ဟုဆိုကာ အေဂျင်စီ အယောင် ဆောင်ပြီး ငွေကြေးလိမ်လည်မှုများရှိနေကာ သွားချင်သည့်စိတ်ကြောင့် ငွေကြေး အလိမ်ခံလိုက်ရသူများရှိ ကြောင်း အလုပ်သမားများပို့ဆောင်ပေးနေသည့် မဟေမာန်က CNI သတင်းဌာနသို့ ပြောသည်။

“အဓိကကတော့ နယ်ဘက်က ကလေးတွေပေါ့ သူတို့အတွက်က စိုးရိမ်ရတယ်။ သူတို့က သွားချင်တဲ့စိတ်တစ်ခုပဲ ရှိကြတာဖြစ်တဲ့အတွက် အလိမ်အညာတွေနဲ့ အများကြီး တွေ့နိုင်တယ်လို့ထင်တယ်။ အတတ်နိုင်ဆုံးကတော့ ကိုယ်စားလှယ်တွေထက်စာလို့ရှိရင် ကုမ္ပဏီတွေကိုတိုက်ရိုက်သွားစေချင်တယ်။ ကိုယ်ကိုယ်တိုင် တိုက်ရိုက် မသွားချင်ရင်တောင်မှ ကိုယ့်ကို ကိုယ်စားလှယ်လုပ်ပေးမယ့်သူရဲ့ နောက်ကြောင်းရာဇဝင်ကို သေချာလေ့လာ စုံစမ်းပြီးတော့မှ ဆက်သွယ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဟာက တော်တော်လိမ်လည်မှုတွေက များတယ်။အွန်လိုင်းပေါ်မှာပိုဆိုးတယ်။ အတတ်နိုင်ဆုံးကတော့ အွန်လိုင်းပေါ်မှာ လုပ်တဲ့ကိစ္စတွေကို သိပ်မယုံ စေချင်ဘူး”ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံရှိ လက်အိတ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်မြင်ကွင်း

လက်ရှိတွင် မလေးရှားနိုင်ငံမှ ကိုဗစ်မတိုင်ခင်က အလုပ်ခေါ်စာအဟောင်းများအား ဦးစွာစေလွှတ်နေခြင်းဖြစ်ကာ မလေးရှားနိုင်ငံဘက်မှ စိစစ်ပြီး ကျလာသည့် အလုပ်ခေါ်စာအသစ် အနည်းငယ်တို့ကိုလည်း စေလွှတ်နေကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ပြည်ပလုပ်သားခေါ်ယူသည့် မူဝါဒအသစ်အား ပြောင်းလဲကျင့်သုံးရန် လုပ်ဆောင် နေကြောင်း MOEAF မှ မလေးရှားလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဇော်မင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။

“အခုဖွင့်တဲ့အချိန်မှာလည်း ထင်သလိုမျိုး ခေါ်စာတွေကျမလာတဲ့အခါကျတော့ သွားချင်တဲ့လူကများနေတာ။ နည်းနည်း တစ်သုတ်နှစ်သုတ်လောက် ဝုန်းဒိုင်းဆိုပြီး ခေါ်စာတွေကျလာရင် အကုန်ရှင်းသွားမှာ။ ထင်သလောက် အများကြီးမပေးဘူး၊ အရမ်းစိစစ်ပြီးမှ ချပေးတာ။ အဲဒီလိုဖြစ်နေတယ်။ အကြမ်းဖျင်းသိတာတော့ အခုလက်ရှိက အလုပ်သမားခေါ်ယူခွင့်။ ဒီစက်ရုံတစ်ခုသည် လုပ်သားဘယ်နှစ်ယောက်ခေါ်သင့်တယ်၊ ခေါ်ခွင့်ပြုတယ်ဆိုတာကို ပြည်ထဲရေးဝန်ကြီးဌာနကပဲ ဆုံးဖြတ်ပေးတာ ယခင်တုန်းကတော့။ အခုလက်ရှိအချိန်မှာ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဒီမှာဆို အလုပ်သမား ဝန်ကြီးဌာနပေါ့။ အဲဒီက အခုဆုံးဖြတ်နေတယ်။ step တွေရော ဝန်ကြီးဌာနတွေ ရော မတူတော့ဘူးဆိုတဲ့အခါကျတော့ အားလုံးအသစ်ဖြစ်တော့ ကြန့်ကြာတာပေါ့။ အပြောင်းအလဲက အကြီးကြီး ဆိုတော့ အချိန်တစ်ခုလိုတာပေါ့ ” ဟု ၎င်းကပြောသည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ချင်သည့် သူများအနေဖြင့် ဘာသာစကားတတ်မြောက်ရန် မလိုအပ်ဘဲ ပတ်စပို့စာအုပ်နှင့် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ် ထိုးထားပြီးကြောင်းတို့မှာ အဓိကလိုအပ်ကြောင်း အေဂျင်စီတို့ထံမှ သိရသည်။