CNI News

၂၀၂၄ ခုနှစ်၊ မတ် ၇

မလေးရှားတွင် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအား မတ်လ ၁ ရက်နေ့မှ စတင်ကာ CI ဖြင့် နေရပ်ပြန်ခွင့်ပြုထားသော်လည်း လက်ရှိမှာတော့ နေရပ်ပြန်သည့် မြန်မာလူဦးရေမှာ နည်းပါးလျက်ရှိသေး ကြောင်း မလေးရှားရှိ မြန်မာပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားပြည်ထဲရေးဝန်ကြီးက မလေးရှားတွင် တရားမဝင် အထောက်အထားမဲ့နှုန်းထား ၆ သိန်းခန့်ရှိသည့်အထဲ မတ်လ ၁ ရက်နေ့၌ နေရပ်ပြန်သည့်နှုန်းထားမှာ ၈၀၀ ကျော်သာရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား သွားခဲ့သည်။

ထိုအစီအစဉ်သည် ဒီဇင်ဘာလကုန်အထိ ဖွင့်ပေးထားသဖြင့် လက်ရှိနေရပ်ပြန်သူဦးရေ‌ နည်းပါးနေခြင်း ဖြစ်နိုင် ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် ဆက်လက်စောင့်ဆိုင်းပြီး နေရပ်မပြန်ကြသေးခြင်း ဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ကျန်းမာရေးမကောင်းသူများသာ အဓိက နေရပ်ပြန်ရန် လုပ်ဆောင်နေကြကြောင်း မလေးရှား အခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်တော့ နည်းနေသေးတယ်။ အရင်တုန်းကဆိုရင် ဂျိုဟိုးမြို့ဆို immigration တစ်ခုပဲထား တယ်။ KL မှာဆိုလည်း ၂ ခုလောက်ပဲထားတယ်။ အခု ဂျိုဟိုးမှာဆိုရင် ၃ ခု၊ ၄ ခုလောက်ဖြစ်သွားပြီ။ မြို့နယ်တိုင်း မြို့နယ်တိုင်း immigration မှာ သွားပြီး လက်ဗွေနှိပ်ခွင့်ပေးတယ်။ ဆိုတော့ ဒီဘက်မှာတော့ jams မရှိသေးဘူး။  မနေ့က ကျနော်သွားပြီးလေ့လာတယ်။ ဒီမှာရှိတာတော့ နီပေါလူမျိုး၊ မြန်မာလူမျိုးတော့ မရှိသေးဘူး။ နီပေါရယ် ဘင်္ဂလားရယ်၊ အင်ဒိုနီးရှားရယ်ပဲများတယ်။ သူတို့တွေလည်း သနားဖို့ကောင်းတယ်။ မနက်ကတည်းကနေ တန်းစီ ရတာ ညနေအထိပေါ့ တစ်နေ့မှ အယောက် ၃၀၀ လောက်ပဲပေးတယ်။ စီ(တန်းစီ)တာက တစ်ထောင်လောက်ရှိ တယ်။ သွားပြီးလေ့လာလိုက်တော့ မြန်မာ တစ်ယောက်မှတော့ မတွေ့သေးဘူး။ အခုလောလောဆယ် လျှောက်ပြီး ပြန်မယ့်လူတွေအထဲမှာတော့ မြန်မာထဲက မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေအရ အရင်က ပြန်မယ်လုပ်ထားတဲ့ လူတွေက ဒီမှာပဲ ပေကပ်ပြီးနေကြတော့တယ်။ အခုလောလောဆယ် မဖြစ်မနေ ပြန်မယ့် လူတွေကတော့ နေမကောင်းတဲ့သူ၊ ကျန်းမာရေး မကောင်းတဲ့သူ၊ လေဖြတ်တဲ့သူနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေပဲ ရှိတယ်” ဟု ပြောသည်။

မလေးရှားမှာ ဒဏ်ကြေးဆောင်ဖို့ စောင့်နေကြစဉ်

မလေးရှားအာဏာပိုင်များက ၎င်းနေရပ်ပြန်ရေး အစီအစဉ်အား မတ်လ ၁ ရက်မှစတင်ကာ ဒီဇင်ဘာလကုန်အထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး နေရပ်ပြန်ချင်သူများထဲတွင် နိုင်ငံကူးလက်မှတ်မရှိပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်အား မြန်မာသံရုံး၌ လူကိုယ်တိုင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။

ထိုသို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင်သွားရောက်ကာ CI လျှောက်ထားရခြင်းသည် ဝေးလံသော ဒေသများမှ မြန်မာနိုင်ငံသားများအတွက် လမ်းခရီး အခက်အခဲဖြစ်စေကြောင်း မလေးရှားရှိ မြန်မာပရဟိတ အသင်းအဖွဲ့များထံမှ သိရသည်။

ထို့ကြောင့် သံရုံးအ‌နေဖြင့် စခန်းခွဲများဖွင့်လှစ်၍ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပို၍ ကောင်းမွန်မည် ဖြစ်ကြောင်း မလေးရှားအခြေစိုက် နှလုံးလှပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

CI စာအုပ်လုပ်မည့်သူများကို တွေ့ရစဉ် 

၎င်းက “အခြားနေရာတွေ မြို့တွေမှာ ဖွင့်နိုင်ရင် ကောင်းတာပေါ့။ တချို့ဆို ဝေးတဲ့နေရာပေါ့။ ဒီကိုလာရမှာ ၅ နာရီ၊ ၄ နာရီ၊ ၃ နာရီ ကြိုတင်လာရတာတွေ ရှိတယ်။ အဲဒီလိုလူတွေကြတော့ ဒုက္ခရောက်တယ်လေ။ မလေးရှားမှာ ကတော့ အမြဲတမ်းမှာ မြန်မာသံရုံးက ပေးတာပဲ တွေ့ဖူးတယ်။ ကျန်တဲ့စခန်းတွေ  ဖွင့်တာလည်း မတွေ့ဖူးသေး ဘူး။ အဲဒီလိုဖွင့်နိုင်ရင်တော့ ကောင်းမယ်ထင်တယ်။ ပွဲစားကတော့ ရှိမှာပဲ။ ကိုယ့်လူမျိုးတွေက မလုပ်တတ်တဲ့ လူတွေ များတယ်လေ။ immigration ကိုသွားတာကအစ ကားငှားသွားရတာ။ ဟိုကြရင် တန်းစီတာကအစ မလုပ် တတ်တဲ့လူတွေများတယ်။ လေယာဉ်လက်မှတ် ကြိုတင်ဝယ်တာကအစ မသိတဲ့လူတွေ များတယ်။ အဲဒီတော့ ဘယ်မှာနေလဲ လာခေါ်ပေးမယ်၊ လိုအပ်သမျှ အကျိုးတော်ဆောင်ပေးမယ်၊ ပြန်တဲ့အထိ။ ဝန်ဆောင်ခ ယူမယ်။ အနည်းလေး ၄၊ ၅ ရာလောက်ကတော့ ယူကြမှာပဲ” ဟု ပြောသည်။

နေရပ်ပြန်မည့် တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများ အနေဖြင့် ဒဏ်ကြေးအဖြစ် ရင်းဂစ်ငွေ ၅၀၀ နှင့်အတူ လေယာဉ်လက်မှတ် နှုန်းထားကိုပါ ကျခံရမည်ဖြစ်ပြီး ၁၄ ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာနိုင်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထိုအစီအစဉ်သည် မလေးရှားနိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် နိုင်ငံခြားသား အထောက်အထားမဲ့များ၊ Overstay သမားများ မည်သူမဆို အရေးယူခြင်းမခံရဘဲ နေရပ်ပြန်ခွင့်ပေးထားခြင်းဖြစ်ပြီး ထိုသို့ ခွင့်ပြုပေးထားသဖြင့် လက်ရှိ မလေးရှားတွင် အော်ပရာစီ အဖမ်းအဆီးများသည် ယခင်ကထက် လျော့နည်းလာကြောင်းလည်း သိရသည်။