CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၁

မလေးရှားရှိ အထောက်အထားမဲ့ Overstay မြန်မာများ နေရပ်ပြန်နိုင်ရေးအတွက် သံရုံးသို့ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် CI သွားလုပ်ရာတွင် လမ်းခရီးရှိ စစ်ဆေးရေးဂိတ်များ၌ မလေးရှား အာဏာပိုင်တို့၏ ငွေညစ်မှုကိုခံနေရကြောင်း မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

CI ပြုလုပ်ရန် သံရုံးသို့ လာရာလမ်းကြောင်းတွင် မလေးရှားအာဏာပိုင်များ၏ စစ်ဆေးရေးဂိတ်များဖြင့် ကြုံပါက အထောက်အထားမဲ့ Overstay သမားများ ဖြစ်သောကြောင့် ငွေကြေးတစ်စုံတစ်ရာ ရရှိရေးအတွက် ဖမ်းဆီးမည် ဟုဆိုကာ ခြိမ်းခြောက်မှုများရှိသည်ဟု မလေးရှားအခြေစိုက် ရတနာစက္က နာရေးကူညီမှုအသင်းမှဥက္ကဋ္ဌ ဦးအောင် က CNI သတင်းဌာနသို့ ပြောသည်။

“အကျိုးအကြောင်းပြောပြရင် ပြန်လွှတ်တယ်။ သို့သော် အလကားတော့ ပြန်လွှတ်တာမဟုတ်ဘူး။ အနည်းဆုံး တစ်ယောက်ကို ၂၀၀ လောက်တော့ ပေးရတယ်။ ဖမ်းတော့ ဖမ်းမသွားဘူး။ သို့သော် သူတို့ကတော့ ခြိမ်းခြောက် တာပေါ့လေ။ ငါတို့ဖမ်းမယ်ဆိုရင် လောလောဆယ် မင်းတို့မှာ CI စာရွက်မရှိသေးဘူး။ မရှိတဲ့အတွက် မင်းတို့ဟာ without သမားတွေပဲဖြစ်နေတယ်။ မင်းတို့ဟာတရားဝင်မဟုတ်တဲ့အတွက် ငါတို့ဖမ်းလို့ရတယ်။ ဒီဘက် ကလေး တွေကလည်း ကြောက်ပြီးတော့ မလိုက်ရဲကြတော့ဘူး။ ပိုက်ဆံပေး ကုန်ရင်ကုန်ပါစေ ကျမတို့ မလိုက်တော့ဘူး ပိုက်ဆံ ၂၀၀ ဆိုလည်း ၂၀၀ အဲဒီလိုပေးကြတယ်။ ရဲတွေကလည်း သိနေပြီ။ တချို့ဆို သံရုံးကို အစောကြီး မဝင်ရဲ ဘူး။ ဟိုဘက်ကပိတ်ပြီးစောင့် ဒီဘက်ကပိတ်ပြီးစောင့် ပိုက်ဆံတွေ တောင်းနေတယ်။ သံရုံးနဲ့ ဓါတ်တိုင် ၅ တိုင်ပေါ့ ၅ မီတာလောက်အထိပဲကွာတယ်။ အဲဒီလောက်အထိကို သူတို့ ဆင်းပြီးဖမ်းတယ်။ ကျနော်တို့လည်း သံရုံးကို အရင်က ဒါတွေ complain တက်တယ်။ သံရုံးကလည်း ဝန်းထဲမှာ လာဖမ်းရင် တာဝန်ယူတယ်။ ဝန်းပြင်မှာဆို တာဝန်မယူဘူးဆို‌တော့” ဟု ၎င်းက ပြောသည်။

 မြန်မာအလုပ်သမားများကို တွေ့ရစဉ်

မလေးရှားအာဏာပိုင်များက နိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့များ၊ Overstay သမားများအတွက် ပြစ်ဒဏ်ကျခံခြင်းမရှိဘဲ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဖွင့်ပေးထားခြင်း ဖြစ်သည်။

ထိုသို့ နေရပ်ပြန်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ သံရုံးများတွင် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် CI များအား ပြုလုပ်ကြပြီးမှသာ ဒဏ်ကြေးငွေအဖြစ် ရင်းဂစ် ၅၀၀ ပေးဆောင်၍ လေယာဉ်လက်မှတ် ဝယ်ယူပြီးပါက ‌နေရပ်သို့ပြန်နိုင်သည်။

သို့သော် ယခုကဲ့သို့ မြန်မာနိုင်ငံသားများ ငွေကြေးတောင်းခံခြင်းနှင့် ကြုံတွေ့ကြရခြင်းသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် နေရပ်ပြန်ရေးအတွက် CI လျှောက်ထားရာတွင် လူကိုယ်တိုင်လာရောက် လျှောက်ထား ရသည့် လုပ်ငန်းစဉ်ကို သတ်မှတ်ထားခြင်းကြောင့်ဟု ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာအလုပ်သမားများကို တွေ့ရစဉ်

“တခြား ဘင်္ဂလားဒေ့ရှ်တို့ မှာလည်း ပြန်တဲ့သူများတယ်။ မြန်မာထက်တောင် ပိုများတယ်။ သူတို့ကြတော့ CI ကို အွန်လိုင်းက လျှောက်လို့ရတယ်။ ကိုယ်တိုင်လာစရာမလိုဘူးပေါ့။ ကိုယ်ရောက်တဲ့နေရာကနေ လျှောက်လို့ရ တယ်။ ဆိုတော့ အဲဒီ အွန်လိုင်းစနစ်နဲ့ လုပ်ထားတဲ့အခါကြတော့ နယ်ဝေးတွေကနေပြီးတော့ ဝေးလံတဲ့ ခရီးကနေ သံရုံးကို လာစရာ မလိုဘူးပေါ့။ သူ့အချက်အလက်ပြည့်စုံရင် ထုတ်ပေးလိုက်တာပါပဲ။ အဲဒီစာရွက် ကိုင်ထားရင် တော့ ဒီက အဖမ်းအဆီးတော့ မရှိတော့ဘူးပေါ့။ ဘာအထောက်အထားမှ လက်ဝယ်ကိုင်ထားတာ မရှိဘဲနဲ့ ဘတ်စ် ကား စီးတာတို့၊ ကားစီးတာတို့ဆို လမ်းမှာ ဘလောက်ချက်နဲ့ ရဲနဲ့တွေ့ရင် ဒါက အခက်အခဲ ဖြစ်တတ်တယ်လေ။  တစ်ခုခုပေါ့ သံရုံးကနေ ထုတ်ပေးထားရင်တော့ ကောင်းတာပေါ့။ သူတို့က CI လျှောက်ဖို့ လာတယ်။ ဘယ်နှစ်ယောက် ထောက်ခံစာလေး ပေးထားရင်တော့ မဖမ်းပါဘူး။ ဒါပေမယ့် အဲဒီလိုလုပ်တာ မတွေ့ရတော့ အခက်အခဲ က အများကြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားအာဏာပိုင်များက နေရပ်ပြန်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားသော်လည်း လက်ရှိမှာတော့ နေရပ်ပြန်သည့် မြန်မာလူဦးရေမှာ နည်းပါးလျက်ရှိသေးကြောင်း၊  ကျန်းမာရေး မကောင်းသူများသာ အဓိက အများဆုံး နေရပ်ပြန်ရန် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။