CNI News

၂၀၂၄ ခုနှစ်၊ မတ် ၁၂

တရုတ်နိုင်ငံဘက်အခြမ်းတွင် အလုပ်အကိုင်ရှားပါးလွန်းနေကာ ဒုက္ခရောက်နေသူများရှိသဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှတဆင့် တရုတ်နိုင်ငံထဲသို့ မလာကြသေးရန် သတိပေးလိုကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံ၌ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ လူကုန်ကူးခြင်းများအားလည်း ပိုမိုတွေ့လာရကြောင်း မူဆယ်မြို့ရှိ နှလုံးလှပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာနိုင်ငံကနေ တရုတ်ပြည်ထဲဝင်သွားရင် အလုပ်က ချက်ချင်းရတာ မဟုတ်ဘူးလေ။ ဒီဘက်မှာ အလုပ်ရမယ်၊ အလုပ်က ပိုက်ဆံဝင်ငွေ ကောင်းမယ်ဆိုပြီးတော့ လိမ်ခေါ်လာတာ လမ်းစရိတ်ကအစ စိုက်ပေးတာ အဲဒီပွဲစားတွေက။ ဒီဘက်မှာ အဲဒီလိုမျိုး ရောင်းစားခံရတဲ့ ဟာတွေက အခုကာလမှာ နည်းနည်းများလာပြီ တဖြေးဖြေးနဲ့လေ။ နောက်ထပ်လည်းဖြစ်ဖို့က အလားအလာ အများကြီးပဲ။ မသိတဲ့ရိုးသားတဲ့ မိန်းကလေးတွေ၊ တောသူတောင်သားလေးတွေ မြို့နဲ့ဝေးတဲ့ မိန်းကလေးမျိုးတွေ ခရီးမထွက်ဖူးတဲ့ မိန်းကလေးမျိုးတွေ ရောင်းစား ခံရဖို့က တော်တော်များတယ်။ အဲဒီလိုပဲ အလုပ်လိုချင်တာ တစ်ခုတည်းနဲ့လိုက်လာရင် ရောင်းစားခံရဖို့ များတယ်။ ရှင်းရှင်းပြောရရင် ဒီဘက်မှာ အဆက်အသွယ် မချိတ်ဆက်မိဘဲနဲ့ ယုံကြည်စိတ်ချရတဲ့ အပေါင်းအသင်း မိတ်ဆွေ၊ လုပ်ငန်းရှင် ဒါတွေမချိတ်ဆက်မိဘဲနဲ့ ဒီဘက်ကို မလာဖို့ အဲဒါမျိုးတော့ ပြောချင်တယ်။ မိန်းကလေးတင် မဟုတ်ဘူး ယောကျာ်းလေးတွေပါ ဒုက္ခရောက်တာ။ တချို့ဆို ပြန်လာလိုက်ရင် ရောဂါသည်တွေ၊ နာတာရှည် ရောဂါသည်တွေ၊ ပြင်းပြင်းထန်ထန် ခံစားရတဲ့ ရောဂါသည်တွေ အဲဒီလိုမျိုးပေါ့။ ပိုက်ဆံမရှိတော့ ဆေးဝါးကုသဖို့ မရှိတာကအစ အခက်အခဲတွေ ကြုံတွေ့ရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံ၊ ပလက်ဖောင်းပေါ်မှာ အိပ်နေကြရစဉ်

တရုတ်နိုင်ငံဘက် အခြမ်းဖြစ်သည့် ရွှေလီမြို့တွင် အလုပ်အကိုင်ရရှိရေးအတွက် မြန်မာနိုင်ငံသားအချို့ လမ်းဘေး ပလက်ဖောင်းများပေါ်တွင် အိပ်စက်၍ အလုပ်ရှာဖွေကာ စောင့်ဆိုင်းနေကြရကြောင်းနှင့် အဖမ်းအဆီးမှာလည်း များပြားနေကြောင်း သိရသည်။

ထို့အပြင် မြန်မာဘက် မူဆယ်မှ တရုတ်ဘက်သို့ တစ်ခါသုံးကဒ်ဖြင့် ဝင်လာသူများအား မတ်လ ၅ ရက်နေ့မှ စတင်ကာ အလုပ်သမားရုံး တစ်ခုခု၏ ထောက်ခံစာရှိမှသာ ရွှေလီမြို့ထဲသို့ ဝင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ တရုတ်ဘက်တွင် အလုပ်အကိုင်ပိုင်းနှင့်ပတ်သက်၍ ခက်ခဲနေခြင်းသည် ရောက်လာသည့် လူဦးရေနှင့် ရှိနေသည့် အလုပ်အကိုင်နှုန်းထား မမျှတသည့်အတွက်ဖြစ်ကြောင်း မူဆယ်မြို့ရှိ ကမ်းလက်ကူညီ ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသားတွေကို တွေ့ရစဉ် 

၎င်းက “Vacancy ၁ သိန်းရှိမယ် ဥပမာပေါ့။ အလုပ်အကိုင်အခွင့်အလမ်း လူ ၁ သိန်းစာရှိမယ်။ ဒါပေမယ့် အခု လာနေတာ က လူ ၂ သိန်း၊ ၃ သိန်းလောက်ဖြစ်နေတယ်။ အဲဒီကြတော့ ရှိတဲ့အလုပ်ထက်စာရင် ရောက်နေတဲ့ လူဦးရေက အရမ်းများတာကို။ အနည်းဆုံး ၂ ဆ လောက်ဖြစ်နေတာပေါ့။ အလုပ်ရှာရတာ မခက်ဘူး။ အလုပ်မှာ တည်မြဲဖို့ ခက်တာ။ အခု အစ်ကိုက အလုပ်ရှာပေးမယ်ဆိုပြီး ရှာပေးလိုက်တယ် အလုပ်ရသွားပြီ။ တစ်လမခံဘူး အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်ခံရရော။ ညီမက site မှာ supervisor ပေါ့။ supervisor ကနေ အကြောင်း အမျိုးမျိုးပြပြီး ထုတ်တယ်။ အဲဒီ supervisor ကပဲ သူ့မြို့၊ သူ့ရွာက၊ သူ့စက်ရုံက ပိုက်ဆံပေးတဲ့လူတွေကိုပဲ သူက ခန့်ချင်တာပေါ့။ အဲဒီအတွက် အလုပ်ကရပေမယ့် အလုပ်ကမတည်မြဲဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံဘက်အခြမ်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်ရာ၌ တစ်နှစ်သက်တမ်းရှိသည့် စာအုပ်အနီဖြင့်လည်း ကောင်း၊ တစ်ခါသုံးကဒ် TBP ဖြင့်လည်းကောင်း ဝင်ရောက်လျက်ရှိကြပြီး သက်တမ်းကျော်လွန်နေထိုင်သူ အများ အပြားကို တရုတ်အာဏာပိုင်များမှ ဖမ်းဆီးနေကြောင်းလည်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် အလုပ်အကိုင်ရှားပါးရုံသာမက ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေး များပြားလွန်းနေသဖြင့် လုပ်ခလစာ ဈေးနှိမ်ခံနေရခြင်းများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။