CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၁

ပြည်တွင်းရွှေဈေးနှုန်းသည် လက်ရှိတွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းနှင့် သိန်း ၄၀ ကြားတွင် ရောက်ရှိနေပြီး ရွှေဈေးနှုန်း အဆမတန် မြင့်တက်ခြင်းက လူတန်းစား အားလုံးအပေါ်တွင် သက်ရောက်မှုရှိနေသည်ဟု ဈေးကွက် လေ့လာသူများက ပြောသည်။

ရွှေဈေးနှုန်း မြင့်တက်မှုကြောင့် နိုင်ငံခြားငွေ လဲလှယ်သည့် နှုန်းထားများသည်လည်း လိုက်ပါမြင့်တက်လျက်ရှိနေ ကြောင်း၊ ထိုသို့ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်မှုကြောင့် ပြည်ပမှ တင်သွင်းရသည့် ကုန်စည်များလည်း မြင့်တက်လာမည် ဖြစ်သည်။

ရွှေဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်သူလူထုအပေါ် တိုက်ရိုက် သက်ရောက်မှုမရှိသော်လည်း သွယ်ဝိုက်၍ အနည်းနှင့်အများ သက်ရောက်လျက်ရှိသည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းက CNI သတင်းဌာန သို့ ပြောသည်။

 အခြေခံ လူတန်းစားများ၏ အိမ်ပြန်ချိန်ကိုတွေ့ရစဉ်

၎င်းက “ရွှေဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာမှာ ပိုက်ဆံရှိတယ်ဆိုရင် ဘယ်သူမဆို ဝယ်လို့ရတယ်။ မဝယ်နိုင် တဲ့ သူအတွက် မဆိုင်ဘူးလို့ ပြောပေမယ့် ရွှေဈေး အတက်အကျ ဖြစ်တဲ့အခါကျတော့ သက်ရောက်မှုဒဏ်တွေက တခြား နေရာတွေမှာလည်း သွားသက်ရောက်တာပဲ။ အဲဒါကြောင့် မဆိုင်ဘူးလို့ ပြောလို့မရဘူး။ သက်ရောက်မှု များတာနဲ့ သက်ရောက်မှု နည်းတာပဲ ရှိမှာ။ သူနဲ့ တိုက်ရိုက် ဆက်စပ်နေတာတော့ ဒေါ်လာပေါ့။ ဒေါ်လာနဲ့ ဆက်စပ်နေတာက Export, Import တွေ။ Export, Import က ဆက်စပ်ပြီဆိုတော့ ကျနော်တို့ လူသုံးကုန်ပေါ့။ အခု သွင်းရတဲ့ဟာတောင်မှ ကန့်သတ်ချက်နဲ့။ Exporter လား Importer လား သေချာ မဖတ်လိုက်ရဘူး တစ်ယောက်ကို ဒေါ်လာ ၃ သိန်းပဲ ခွင့်ပြုပေးမယ်ပေါ့။ အရမ်းကြီး သက်ရောက်မှု ခံရတာနဲ့ သက်ရောက်မှု နည်းနည်းခံရတာတော့ ကွာတာပေါ့။ ဒီနိုင်ငံမှာ နေသမျှလူတိုင်းအပေါ်မှာ သက်ရောက်တာပဲ။ ဘယ်ဟာရယ်လို့ သီးခြား ခွဲခြားထားတာ မရှိဘူးပေါ့” ဟု ပြောသည်။

ရွှေဈေးနှုန်း ကျဆင်းရေးအတွက် ရွှေလုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးမှုများကို ပြီးခဲ့သည့် နှစ်တွင်လည်းကောင်း၊ ယခုနှစ်တွင်လည်းကောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက လုပ်ဆောင်နေသော်လည်း သက်ရောက်မှု မရှိသည့် အပြင် ရွှေဈေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက် ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၁၃ သိန်းကျပ်ခန့်သာ ရှိခဲ့သည့် ရွှေဈေးနှုန်း သည် လက်ရှိ၌ ငွေကျပ် သိန်း ၄၀ သို့ ရောက်ရှိလျက် ရှိနေသည်။

ရွှေဈေးနှုန်း မြင့်တက်လာရခြင်းသည် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်သည့်အတွက် ထိန်းချုပ်ရန် မလွယ်ကူ ကြောင်း၊ ငွေကြေးဖောင်းပွမှု ဆက်လက်ရှိနေမည်ဆိုပါက အခြေခံလူတန်းစားများအပေါ် သက်ရောက်နေသည့် ကုန်ဈေးနှုန်း မြင့်တက်မှုသည်လည်း ဆက်လက်ရှိနေမည်ဟု ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

 စားသောက်ကုန်များရောင်းချနေစဉ်

၎င်းက “ရွှေဈေးတက်တာက ပြဿနာ မဟုတ်ဘူး။ ဘာလို့ဆို ရွှေဈေးတက်တဲ့ အကွက်တစ်ကွက်တည်းကိုပဲ သွားကြည့်လို့ မရဘူး။ အဓိက သူ့ရဲ့ အခြေခံအကြောင်းတရားသည် ငွေကြေးဖောင်းပွတာ။ အခြေခံ လူတန်းစား အတွက်က ထိခိုက်မှာပဲပေါ့။ ငွေဖောင်းပွမှုနဲ့ ဆက်နွယ်လိုက်တော့ ပတ်ချာလည် ဆက်စပ်သွားတာပေါ့။ အဓိက ငွေဖောင်းပွတယ်။ ငွေဖြစ်လွယ်တဲ့ ရွှေနဲ့ လက်ထဲမှာ ရှိတဲ့ ပိုက်ဆံ၊ ကျပ် သို့မဟုတ် ဒေါ်လာပေါ့။ ကျပ်က တခါ ဖောင်းပွတယ်။ ဖောင်းပွတော့ လူလတ်တန်းစားနဲ့ အထက်လူတန်းစားက ရွှေ သို့မဟုတ် ဒေါ်လာကိုင်ကြတာပေါ့။ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က တွေ့လိုက်တာပေါ့ ကမ္ဘာပေါ်မှာ ငွေဖောင်းပွတဲ့နှုန်းက ဒေါ်လာနဲ့ ရွှေနဲ့တောင်မှ မတူဘူး။ ရွှေဖောင်းပွမှုနှုန်းက ပိုမြန်တယ်။ ဒါသည် အားလုံးကို ခြုံပြီး ဆက်စပ်လိုက်လို့ရှိရင် အဓိက တရားခံသည် ဘာလဲ ဆိုတော့ ငွေဖောင်းပွတာပဲပေါ့။ ငွေဖောင်းပွတာဖြစ်တဲ့အတွက် အခြေခံလူတန်းစားလည်း ထိမှာပဲပေါ့။ ဆက်ထိမှာ ပဲပေါ့” ဟု ပြောသည်။

ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုကြောင့် ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေမှုများကို လျော့ကျလာစေရန်အတွက် နိုင်ငံ၏ စီးပွားရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ထိုသို့ စီးပွားရေး ကောင်းမွန်ရန်အတွက် နိုင်ငံရေးအခြေအနေ ကောင်းမွန်မှသာဖြစ်မည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်သည် ယခုကဲ့သို့ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက ပြည်တွင်း၏ ကုန်ဈေးနှုန်းကဏ္ဍသည် ဆက်လက် မြင့်တက်နေမည် ဖြစ်သည်။