CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ ယခင်ကထက် ပိုမို များပြားလာကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီး နောက်ဆက်တွဲ အနေဖြင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများအပေါ် ပိုမို တင်းကြပ်လာသော်လည်း မလေးရှားတွင် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ လုပ်ဆောင်လာခြင်းမျိုး မရှိသေး ကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအ‌ရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာအတွက်ရယ်လို့ သီးသန့် ဘာမှလုပ်ဆောင်မှု မရှိပါဘူး။ အခု အဖမ်းအဆီးတွေကလည်း နိုင်ငံခြား သားအလုပ်သမား တရားမဝင်အလုပ်သမား နိုင်ငံခြားသားအားလုံး အဲဒီလိုဖမ်းဆီးတာပဲ ရှိပါတယ်။ မြန်မာအတွက်  ဆိုပြီး သီးသန့်အဲဒီလို လုပ်ဆောင်တာမျိုးတွေ မရှိဘူး။ တရားမဝင် ဝင်ရောက်တာကတော့ အရင်ကလိုပါပဲ သို့ပေမယ့်လည်း အခုနောက်ပိုင်းမှာ ပိုများလာတယ်လို့ ထင်ရတယ်။ နယ်စပ်မှာလည်း အဖမ်းအဆီးတွေက ဟိုး အရင်ကတည်းက ရှိခဲ့သလို၊ အခုနောက်ပိုင်းမှာလည်းရှိပါတယ်။ ဖမ်းမိရင်လည်း တစ်ဖွဲ့တစ်ဖွဲ့ဆိုတာ အနည်းဆုံး ၁၀ ယောက်အဖွဲ့ အဲဒီလိုမျိုးပေါ့။ ဖမ်းဆီးမှုတွေကတော့ နေ့တိုင်းရှိနေတာပဲ။ ဝင်ရောက်လာတာလည်း မြန်မာပြည်ကဆိုရင် နေ့တိုင်းလိုလို ရှိနေတာပေါ့။ ကျနော့်စိတ်ထင် အခုနောက်ပိုင်း နည်းနည်း ပိုများ လာတယ်လို့ တော့ ထင်တာပဲ။ အဖမ်းအဆီးခံရတဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့ ခန့်မှန်းကြည့်တာ” ဟု ပြောသည်။

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် နေထိုင်သူတွေကိုတွေ့ရစဉ်

မလေးရှားရှိ တရားမဝင် မြန်မာအများအပြားသည် CI အစီအစဉ်ဖြင့် နေရပ်ပြန်ခွင့်ပြုရေးကို စောင့်မျှော်နေကြခြင်း ဖြစ်ပြီး လာမည့် မတ်လ ၁ ရက်‌နေ့မှ စတင်ကာ မြန်မာအပါအဝင် နိုင်ငံခြားသား အထောက်အထားမဲ့များ၊ Overstay သမားများ မည်သူမဆို နေရပ်ပြန်ခွင့်ပေးမည်ဟု ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုအစီအစဉ်အား မလေးရှားပြည်ထဲရေးဝန်ကြီးမှ ထုတ်ဖော်ပြောကြားချိန်၌ မြန်မာနိုင်ငံဘက်တွင် ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိ‌သေးသဖြင့် နေရပ်ပြန်လိုသူ များပြား လျက်ရှိသလို ၎င်းအစီအစဉ်အား ကြိုဆိုကြသည်။

သို့သော် ယခုအခါတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးသဖြင့် နေရပ်ပြန်လိုသူ နှုန်းထားအား စောင့်ကြည့်ရမည် ဖြစ်ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့မှဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် နေထိုင်သူတွေကိုတွေ့ရစဉ်

၎င်းက “နေထိုင်ခွင့်ပါမစ်တွေက ၁၂ လပိုင်းမှာ ရပ်သွားပြီ။ ဆက်လည်း မပေးတော့ဘူး။ အဲဒီတော့ ပြန်ဖို့ကိုလည်း မပေးသေးဘူး။ ဒါပေမယ့် အခုလကုန်မှာ ပြန်ခွင့်ပေးမယ်။ overstay ဒီမှာ တရားမဝင် နေထိုင်တဲ့သူတွေ အမိမြေ ကို ပြန်လို့ရပြီဆိုတဲ့ ဥစ္စာက ၃ လပိုင်း ၁ ရက်နေ့ကိုတော့ သတင်းလွှင့်ထားတာပဲ။ အတိအကျ သတင်းတော့ မထွက်သေးဘူး။ အဲဒါပြန်လွှတ်ဖို့ များတယ်။ အဲဒီအတွက်လည်း ပထမကတော့ ပြန်ချင်တဲ့သူတွေ အထောက် အထား မရှိတဲ့သူတွေ စောင့်ဆိုင်းနေတာ များတယ်။ နောက်တစ်ခုက ဒီလိုသတင်းမျိုး ထွက်လာတော့ အခုလကုန် မှာ သိရမှာပေါ့ ဖွင့်ရင် ပြန်ကြမလား၊ မပြန်ကြဘူးလားဆိုတာကတော့ ပြန်ခွင့်ပေးတဲ့ ဖွင့်တဲ့နေ့မှာ သိရမှာပေါ့။ အားလုံးက ဒီဟာကို ပြန်ဖို့စောင့်နေရင်းနဲ့ ဒီလိုသတင်း ထွက်လာတော့ ပြောကြတာပေါ့။ မပြန်တော့ဘူး ဘာတို့ ညာတို့ အမျိုးမျိုး အသံတွေ ကြားရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ အဖမ်းအဆီးများမှာ ပုံမှန်ရှိနေဆဲဖြစ်ပြီး အလုပ်အကိုင်ပိုင်းတွင် ပါမစ် အထောက် အထား ရှိသူများကိုသာ လုပ်ငန်းရှင်များမှ အဓိက လိုချင်နေကြဆဲဖြစ်ကြောင်း သိရသည်။

သို့သော် ပါမစ် အထောက်အထား မရှိသူများအနေဖြင့်လည်း အခြားသူများ၏ အဆက်အသွယ်ဖြင့် အလုပ်ရရှိ သူများရှိကြောင်း၊ လက်ရှိ မလေးရှားနိုင်ငံတွင် အလုပ်အကိုင် ပေါများနေခြင်း မဟုတ်သေးသော်လည်း လုပ်ငန်းခွင် နှင့် နေရာဒေသအပေါ် မူတည်ကာ အလုပ်အကိုင်များ ရှိကြောင်းလည်း သိရသည်။