CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ပြည်တွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများသည် လက်ရှိတွင် သွင်းအားစုဖြစ်သည့် အစာဈေးနှုန်း၊ သယ်ယူပို့ဆောင် ရေးစရိတ်နှင့် အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်မှုများကြောင့် ကုန်ကျစရိတ် မြင့်မားကာ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
ငါးစာအဖြစ် အဓိကကျွေးသည့် ဖွဲနုဈေးသည် ယခင်က တစ်အိတ်လျှင် ၈၀၀၀ ကျော်သာ ရှိသော်လည်း လက်ရှိ တွင် ၂၀၀၀၀ ကျပ်ခန့် ဖြစ်ပေါ်နေကြောင်း၊ အစာဖိုးအနေဖြင့် တစ်ရက်လျှင် ၄ သောင်းခန့်ရှိပြီး ယင်းငါးများ ရောင်းတန်းဝင်ချိန်အထိ ၆ လမှ ၁၀ လအထိ ကျွေးမွေးရသည်ဟု သိရသည်။
ထို့နောက် ငါးဈေးသည် အစာဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ လိုက်ပါမြင့်တက်ခြင်း မရှိသည့်အတွက် ငါး မွေးမြူမှုများကို ရပ်နားလာကြသည်ဟု ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးစန်းငွေက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိ ငါးမွေးမြူရေး အခြေအနေတွေကတော့ ဘယ်လိုရှိလဲဆိုတော့ မွေးမြူရေးသမားတွေကတော့ အကုန်လုံး အရှုံးနဲ့ ရင်ဆိုင်နေရတာပေါ့ဗျာ။ အထူးသဖြင့် ငါးမွေးမြူရေးသမားတွေက အခုဆိုရင် တချို့ဆိုရင် မမွေးနိုင်တော့ တဲ့ ကန်တွေ အများကြီး။ ဘာလို့လဲဆိုတော့ အစားဖိုးနဲ့ ငါးဈေးနဲ့က မကိုက်ဘူး ဖြစ်နေတာပေါ့။ ငါးကပေါတယ်၊ စရိတ်ကမြင့်တယ်၊ ငါးဈေးက အရမ်းနိမ့်နေတော့လေ။ ရန်ကုန်ဆိုရင် ကျနော်တို့ နယ်ထက်တောင်မှ နိမ့်နေသေး တယ်၊ ရန်ကုန်တင်လို့လည်း မကိုက် အဲဒီလိုမျိုး ဖြစ်တယ်။ အခုဖြစ်နေတာက အစာဖိုးကုန်ကျစရိတ်နဲ့ ဖမ်းလို့ ရတာနဲ့က မကိုက်ဘူးဖြစ်နေတာပေါ့ အခုငါးဈေးက။ ငါးဈေးက ဘယ်လိုဖြစ်လဲဆိုတော့ ဟိုတုန်းက ဖွဲဈေး ၈ ထောင်တုန်းက ငါးဈေးက ၃၅၀၀ ရောင်းရတယ်။ အဲဒါကျတော့ ကိုက်တယ်ပေါ့နော်။ သူ့ဟာနဲ့သူ မဆိုးဘူး တန်တယ်ပေါ့။ အခု ဖွဲဈေးက ၂ သောင်းဖြစ်တဲ့အချိန်မှာ ငါးဈေးက ၄၈၀၀ ပေါ့နော် အဲဒီလို ဖြစ်တယ်ဆိုတော့ တွက်ခြေမကိုက်ဘူးပေါ့။ ဖွဲဈေး ၂ သောင်းလောက် ဖြစ်တဲ့အချိန်မှာ ငါးဈေးက ၇ ထောင်လောက်အထိမှ မရောင်းရရင် မကိုက်ဘူးပေါ့” ဟု ပြောသည်။
အစာဈေးကြီးခြင်း၊ ထပ်မံရင်းနှီးဖို့ရန် နည်းပါးခြင်းနှင့် ဈေးကွက်မရှိခြင်းသည် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေ သည်ဟု ငါး၊ ပုစွန်မွေးမြူသူများက ပြောသည်။
ငါးများကို ပိုက်ကွန်ဖြင့် ဖမ်းနေစဉ်
ယခင်က ပြည်တွင်းမှ မွေးမြူသည့် ငါးများကို တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရှိသော်လည်း လက်ရှိ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တင်ပို့၍ မရတော့ ကြောင်း သိရသည်။
ထို့ကြောင့် ငါးဈေးကွက်သည် လျော့နည်းလာပြီး ငါးမွေးမြူသူများ အရှုံးနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးတွင် ၉ ဦးမှာ အဆိုပါလုပ်ငန်းများကို ရပ်နားပြီး ငါးမွေးကန်နေရာ တွင် စပါးစိုက်ပျိုးမှု ပြုလုပ်လာကြသည်ဟု သိရသည်။
ထိုသို့ ငါးမွေးမြူသူ လျော့နည်းလာခြင်းကြောင့် နောင်တွင် ငါးထွက်ရှိမှု နည်းပါးသည့်တိုင် ငါးစားသုံးမှုပိုမို များပြား လာပါက ငါးဈေးနှုန်းသည်လည်း ပြန်လည်ဦးမော့လာနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ငါး မွေးမြူရေးလုပ်ငန်းရှင် ကိုမြတ်သိန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“အစာကုန်ကျစရိတ်က ကြီးမြင့်လာတော့လေ ငါးမွေးတဲ့အခါကျတော့ အဓိက အစာကုန်ကျစရိတ်က ရာခိုင်နှုန်းက ၇၀/၇၅ ရာခိုင်နှုန်းလောက် ဖြစ်နေတာကိုး။ အဲဒီတော့ ငါးတစ်ပိဿာ ထုတ်လုပ်မှုစရိတ်က ငါးတစ်ပိဿာ ရတဲ့ ဈေးနဲ့ မကိုက်တော့ဘူး။ အဲဒါကြောင့်မို့လို့ ငါးသမားတွေက တော်တော်များများ ရပ်ကုန်ပြီးတော့လေ ငါးကန် တွေမှာ စပါးပြောင်းစိုက်နေကြတယ်။ စပါးဈေးကောင်းရင် ငါးမွေးတောင်သူကလည်း ငါးထပ်မွေးမှာမဟုတ်ဘူး။ စပါးဈေးကောင်းတော့ စပါးစိုက်ကြမှာပေါ့။ အဲဒီအခါကျရင်တော့ ငါးဈေးကလည်း သူ့ဟာသူ ပြန်ကောင်း လာမှာပေါ့။ ဘာလို့ဆို ငါးထုတ်လုပ်မှုစရိတ်က မြင့်ပေမယ့်လည်း ငါးမွေးတဲ့သူက နည်းသွားတဲ့အတွက်ကြောင့် မို့လို့ ငါးထွက်တဲ့ supply နည်းသွားမယ်ပေါ့။ အဲဒီအခါကျရင် Demand က များနေရင်တော့ ငါးဈေးက ပြန်တက် လာမှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ငါးမွေးမြူရေးအပြင် တခြားသော မွေးမြူရေးလုပ်ငန်းများသည်လည်း ထုတ်လုပ်မှုစရိတ်ကြီးမြင့်ပြီး အရှုံးပေါ်နေခြင်းကြောင့် တိုးချဲ့လုပ်ကိုင်သူ မရှိတော့ဘဲ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြသည်။
မွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာခြင်းကြောင့် မွေးမြူရေးလုပ်သားများ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းသည်လည်း ဆက်လက်မြင့်တက်လာကာ တချို့သော မွေးမြူရေးလုပ်သားများသည် စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံများ သို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်။