CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမဦးစားပေးဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ရန်ကုန်မြို့ရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ပြီးနောက် အထက်ပါအတိုင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ တစ်နေ့တာပျမ်းမျှ အသား၊ ငါး စားသုံးမှု လိုအပ်ချက်ပမာဏကို တွက်ချက်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်အောင် မွေးမြူထုတ်လုပ်သွားရ မည်၊ ဥစားကြက်၊ ဘဲမွေးမြူးရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှု ပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက် ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်”ဟု ပြောသည်။

အလားတူ အခြားမွေးမြူရေးလုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် မွေးမြူမှုဖြစ်စေရေး တွက်ချက် ဆောင်ရွက် ကြရန် လိုကြောင်း၊ အသားစား နွားများကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူရန်လိုပြီး မွေးမြူရေးနွား၊ စပ်မျိုးနွား နှင့် ဒေသနွားများကို သုတေသနပြု ဆောင်ရွက်ကာ အထွက်နှုန်း ကောင်းမွန်သည့် နွားမျိုးများရရှိရေး ဆောင် ရွက်ရန်လိုကြောင်း၊ နွားစာမြက်များ စိုက်ပျိုးရာတွင် စဉ်ဆက်မပြတ် ထုတ်ယူအသုံးပြုနိုင်ရေး စနစ်ကျနသည့် ရိတ်သိမ်းမှုစနစ်ရှိရန်နှင့် နွားချေးများကိုလည်း မြေသြဇာအဖြစ် ပြန်လည်သုံးစွဲရန်လိုကြောင်း ၎င်းက ပြော သည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုဖလားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသာမက စနစ် ကျနသည့် စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်သွားရန်လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများ လုံ လောက်စွာ ရရှိနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

သွင်းအားစုနှင့် ပတ်သက်င မြေသြဇာ၊ ရေရရှိရေး၊ လုပ်အားခ ဟူ၍ရှိပြီး လုပ်သားရှားပါးမှု ပြဿနာကို ယန္တရား များဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ မြေသြဇာ လိုအပ်ချက်ကြောင့် အထွက်နှုန်း လျော့ကျမှု မရှိစေရေးအတွက် ပြည်ပမှ တင်သွင်းရန် လိုအပ်သည့် မြေသြဇာများကို တင်သွင်းခွင့် ပြုထားပေးပြီ ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများကို တိုးတက်အောင် ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ တိုးတက်လာပါက တောင်သူများ ဝင်ငွေ ကောင်းလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးသည် ပထမ ဦးစားပေးပင်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် လမ်းပန်း ဆက်သွယ်မှု လျင်မြန်ချောမွေ့ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် အခြေအနေရှိပြီး ဖြစ်ကြောင်း၊ အဓိကလို အပ်သည်မှာ အမှန်တကယ် အလုပ်လုပ်ရန်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေးအတွက်လည်း အစိုးရမှ ဖန်တီးပေးရမည် ဖြစ်သည်”ဟု ပြောသည်။

ထို့ကြောင့် တင်ပြချက်များကို အချိန်ပေး၍ နားထောင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ ဆောင်ရွက်ရသည့် လုပ်ငန်း အလိုက် အောင်မြင်မှု ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲ လာသော နိုင်ငံရေးအကျပ်အတည်းကြောင့် နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခများဖြစ်ကာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ထိခိုက်လျက်ရှိသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်နေကြ ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်သားရှားပါးလာသလို သွင်းအားစု စရိတ်များ ကြီးမြင့်ခြင်းကြောင့် လည်း စိုက်ပျိုးရေးလုပ်ငန်းများ လျော့နည်းလာနေသည်။