CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား တစ်ခါသုံးကဒ် (TBP) ကို ထုတ်ပေးပြီး ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှတဆင့် တရုတ်နိုင်ငံ ဝမ်တိန်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

ထို့သို့ မြန်မာယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ယနေ့ (အောက်တိုဘာလ ၆ ရက်နေ့) မှ စတင်၍ ကျင်စန်းကျော့ဂိတ်တွင် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာကုန်တင်ယာဉ်မောင်းများ တိုက်ရိုက်မောင်းနှင် ဝင်ရောက်ခွင့် ရရှိမည်ဆိုပါက အစားထိုးယာဉ်မောင်း ရှန်တိန်စနစ် ပပျောက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ရာတွင်လည်း မြန်ဆန်လာမည်ဖြစ်ကာ ရှန်တိန်ခနှင့်အတူ တရုတ်ပြည်အတွင်းရှိ တခြားသော ကုန်ကျစရိတ်များလည်း သက်သာလာမည် ဖြစ်သည်ဟု ကျင်စန်းကျော့မှ ကုန်သည် ကိုကျော်ကျော်အောင်က CNI သတင်းဌာနသို့ ပြောသည်။

“တခါသုံးကဒ် လုပ်ပေးမယ်လို့ သူက ကြော်ငြာထားတာပေါ့။ ဒါပေမယ့် သူက ကဒ်လုပ်ပေးမယ်လို့တော့ ပြော တယ်။ ဒါပေမယ့် သူက ဘယ်နေရာ၊ ဘယ်အနေအထားအထိ လုပ်ပေးမယ်ဆိုတာတော့ မသိသေးဘူးလေ။ ပို အဆင်ပြေတာပေါ့ ကုန်ကျစရိတ် ပြန်သက်သာတာပေါ့။ တကယ်လို့ အထဲထိ ဝင်မယ်ဆိုရင် ပေးဝင်မယ်ဆိုရင် တော့ ကိုယ့်ဟာကိုယ် မောင်းပြီးမှ မြန်မာကားချည်းပဲ ပေးဝင်မယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ကြန့်ကြာမှု တွေ တအားကြီး နည်းသွားမှာပေါ့” ဟု ပြောသည်။

ကိုဗစ်မတိုင်ခင်ကာလတွင် မြန်မာယာဉ်မောင်းများသည် တရုတ်နိုင်ငံအတွင်းသို့ ကိုယ်တိုင်မောင်းနှင်သည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ကိုဗစ်ဖြစ်ပွားချိန်မှစတင်၍ တရုတ်ယာဉ်မောင်းများဖြင့် အစားထိုး၍ မောင်းနှင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလ တရုတ်-မြန်မာ နယ်စပ်ဂိတ်များသို့ ဝင်ရောက်လာသည့် ကုန်တင်ကားများအား စစ်ဆေးနေစဉ်

အစားထိုးယာဉ်မောင်းစနစ်(ရှန်တိန်)ဖြင့် ကုန်သွယ်ခဲ့ရခြင်းကြောင့် ကုန်ကျစရိတ်များစွာ ပိုမိုကုန်ကျခဲ့သည်ဟု သိရသည်။

မူဆယ်မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုသန့်ဇင်က “မလုပ်ရသေးဘူး။ ဝင်တဲ့အချိန်ကျရင်တော့ လုပ်ရမှာပေါ့။ လိုအပ်ရင်တော့ လုပ်ရမှာပေါ့။ ဝင်ရပြီဆိုရင်တော့ လိုအပ်တာပေါ့။ ရှန်တိန် မလိုတော့ဘူးပေါ့ ကဒ်ပေးတယ် ဆိုရင်တော့ ကိုယ်တိုင် မောင်းနှင်ရမှာပဲ။ ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ စိတ်ချရတာပေါ့ အဝင်အထွက်တွေကျတော့။ ကိုယ့်ကားပေါ် ကားပစ္စည်း ဘာညာ အဝင်အထွက် စိတ်ချရတာပေါ့။ ရှန်တိန်နဲ့ကျတော့ ပျက်တာပြုတာ ရှုပ်တော့ ရှုပ်တာပေါ့။ ရွှေလီအထိတော့ ရပါတယ်။ သူတို့ ယူနန်ပြည်နယ် ရွှေလီအထိ တပတ်တော့ ရပါတယ်။ ရွှေလီတို့ ဘာတို့ သွားလို့ရတာပေါ့ဗျာ။ ကားနဲ့ပတ်သက်တဲ့ ကုန်တွေ တင်မယ့်နေရာ သွားလို့ရတာပေါ့။ ကုန်သည်တွေ ကျတော့ ရှန်တိန်ငှားခတို့ကျတော့ ကုန်သည်တွေ သက်သာသွားတာပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

သစ်သီးပွဲရုံများအနေဖြင့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များကို မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ ၁ ရက် ကြိုတင်၍ စာရင်းပေးပို့ထားရန် လိုအပ်ကြောင်း မူဆယ်သစ်သီးဝလံ ကုန်စည် ဒိုင်က အသိပေးထားသည်။

ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်သည် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကအရေးပါသည့် ဂိတ်တစ်ခုဖြစ်ပြီး ဖရဲ၊ သရက် စသည့် သစ်သီးဝလံများကို အဓိက ကုန်သွယ်သည့် ဂိတ် ဖြစ်သည်။