CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၏  မြို့သိမ်းတိုက်ပွဲ စတင်ပြီးနောက် လူထုအများစု ပိတ်မိနေကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ခဲ့သော ထိုတိုက်ပွဲမှာ လက်ရှိအချိန်ထိ ပြင်းထန်နေကြောင်း၊ လက်နက် ကြီး၊ လေကြောင်းပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

လွိုင်ကော်မြို့ခံတစ်ဦးက “စစ်ပွဲကတော့ စဖြစ်နေတာ ၂ ရက်၊ ၃ ရက်လောက်ရှိပြီပေါ့။ နေ့မနား၊ ညမနားပဲ၊ လက်နက်ကြီး လက်နက်ငယ်တွေရော၊ ပစ်နေတာ အခုထိပဲဗျ။ ကျနော်တို့ ထွက်ဖို့လမ်းကလည်း မလွယ်ဘူး။ ထွက်ပေါက် ပိတ်နေကြတယ်ဗျ။ ထွက်ပေါက် ပိတ်နေတယ်ဆိုတာက ထွက်မယ့် လမ်းမှာလည်း တိုက်ပွဲဖြစ်နေ တာဆိုတော့ မြို့ခံလူထုအတွက်ကတော့ တောင်ဖက်ပြေး၊ မြောက်ဖက်ပြေး၊ အရှေ့ဖက်ပြေး၊ အနောက်ဖက်ပြေး အဲဒီလိုပဲ ပတ်ပြေးပြီးတော့ ဟိုဖက်ရှောင်၊ ဒီဖက်ရှောင် နေနေရတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက လက်ရှိ အခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများ ဆင်နွှဲတိုက်ခိုက်နေကြကြောင်း၊  ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တည်ဆောက်ရေး ဖော်ဆောင်နိုင်ရန်အတွက် လွိုင်ကော်မြို့က နစကအုပ်ချုပ်ရေးကို ဖြိုချရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်က ပြောကြားထားသည်။

လွိုင်ကော်မြို့ အ၀င်ကိုတွေ့ရစဉ်

ထို့အတူ ယခုကဲ့သို့ မြို့သိမ်းတိုက်ပွဲများမှာ ပျက်စီးနစ်နာမှု များနိုင်သည်ဆိုသည်ကို သိထားသော်လည်း အာဏာရှင်စနစ် အမြစ်တွယ်မှာကို ပိုကြောက်မိသည့်အတွက် ယခုကဲ့သို့ စစ်ဆင်ရေးကို အားလုံးက ချမှတ် လိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူပြည်သားများအနေဖြင့် ဘေးကင်းလွတ်ရာများကို ယာယီရွှေ့နေပေးကြရန်လည်း တောင်းဆိုကြောင်း ပြောကြားထားသည်။

ကုန်စည်စီးဆင်းမှုများ မရှိတော့သည့်အတွက် စားသောက်ကုန်များ နည်းပါးနေပြီဖြစ်ပြီး၊ အရပ်သား ထိခိုက် သေဆုံးမှုများလည်းရှိနေကြောင်း လွိုင်ကော်မြို့ခံ တစ်ဦးက ပြောသည်။

၎င်းက “ထိခိုက်သေဆုံးတာတော့ သတင်းကတော့ အတိအကျတော့ မကြားဘူး။ ဟိုစပ်စပ်၊ ဒီစပ်စပ်တော့ ကောလာဟလလား၊ ဘာလားတော့ မသိဘူး။ အတိအကျတော့ မပြောတတ်ဘူး။ လေယာဉ်ကတော့ မနေ့ ညလည်း ပစ်တယ်၊ ဒီမနက် အစောကြီးကလည်း ၆ နာရီလောက်ကတည်းက လေယာဉ်ဝဲနေပြီ အခုလည်း ဗုံးကြဲနေပြီဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

စစ်ဆင်ရေး စတင်ခဲ့သော နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် လွိုင်ကော်မြို့များတွင် လက်နက်ကြီးထိ၍ သေဆုံးသူ (၂၀)ဦး ရှိခဲ့သည်။

ထိုသေဆုံးမှုထဲတွင် အမျိုးသမီး ၄ ဦး၊ အမျိုးသား (၁၃)ဦး ပါဝင်ပြီး ကျန် (၃)ဦးမှာ အတိအကျ မသိရသေးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၄ ရက်) မှာ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လွိုင်ကော်မြို့အထွက် လမ်းများဖြစ်သော လွိုင်ကော် - ဖယ်ခုံလမ်း ၊ လွိုင်ကော် - ဆီဆိုင်လမ်း၊ လွိုင်ကော် - ဒီးမော့ဆို လမ်းများကိုလည်း လတ်တလော အသုံးမပြုသေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသလို တိုက်ပွဲကြောင့် လွိုင်ကော်မြို့တွင် လေကြောင်း ခရီးစဉ်များလည်း ရပ်တန့်ထားကြောင်း သိရသည်။