CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ပွဲတွင် စစ်တွေအခြေစိုက် ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း အပါအဝင် စစ်သည် ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရက္ခိုင့်တပ် တော်(AA)က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်၊ မောင်တော၊ မင်းပြားမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် AA ကြား နိုဝင်ဘာ ၁၃ ရက်နေ့က  နေရာ ၅ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအနက် မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခမရ ၃၄၄ တပ်ရင်းမှ ဒုတပ်ရင်း မှူး ဗိုလ်မှူး သန့်ဇင်ထွန်း၊ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် တို့အပါအဝင် ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းခံထားရသော အပေါက်ဝ ရဲစခန်းမှ ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် အပေါက်ဝမြို့နယ်ရှိ “အပေါက်ဝ ရဲစခန်း”မှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦးသည် AA ထံ လက်နက်များနှင့်အတူ အဖမ်းခံခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ တချို့သည် နယ်ခြားစောင့်တပ်၊ ရဲစခန်း စုစုပေါင်း စခန်းပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ခဲ့ပြီး နီးစပ်ရာ တပ်မတော် စစ်စခန်းများ သို့ သွားရောက် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။