CNI International News

ဂါဇာ၊ နိုဝင်ဘာ ၁၅ 

အစ္စရေးတပ်ဖွဲ့များဘည် ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်ရှိ ဂါဇာ၏ အကြီးဆုံး အယ်လ်ရှီဖာ (Al Shifa) ဆေးရုံ ဂိတ်တံခါးများဆီသို့ တင့်ကားများ စေလွှတ်ခဲ့ပြီးနောက် ဂါဇာဒေသ၏ တောင်ပိုင်းဒေသကို နိုဝင်ဘာ ၁၄ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေးနှင့် ဟားမာ့စ်အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် အယ်လ်ရှီဖာ ဆေးရုံတွင် လျှပ်စစ် ဓာတ်အားများ ပြတ်တောက်ခဲ့ပြီး ကလေးငယ်များ အပါအဝင် ဒါဇင်နှင့်ချီသည့် လူနာများ သေဆုံးခဲ့ရကြောင်း ဂါဇာကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

ဂါဇာတောင်ပိုင်း ခန်းယွန်းနစ် (Khan Younis) မြို့တွင် အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် လူ ၁၃ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။

အယ်လ်ရှီဖာဆေးရုံမှ ၀န်ထမ်းများ သေဆုံးသွားသူများအတွက် ၀မ်းနည်းနေကြစဉ်

ထို့ပြင် အယ်လ်ရှီဖာဆေးရုံ အပြင်ဘက်တွင် အစ္စရေး တင့်ကားများ အသင့်အနေအထားဖြင့် တပ်စွဲထားပြီး ဟားမာ့စ်အဖွဲ့သည် ထိုဆေးရုံ၏ အောက်ဘက်တွင် မြေအောက်လိုဏ်ခေါင်းများတူးကာ ဌာနချုပ်များ တည်ဆောက်ထား၍ လူနာများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ ပြောကြားချက်ကို ငြင်းဆိုထားသည်။

အစ္စရေးစစ်တပ်က လမစေ့ဘဲ မွေးဖွားခဲ့သည့် ကလေးများ ထားရှိသည့် အနွေးသေတ္တာ (Incubator) များကို ဂါဇာဒေသအတွင်းသို့ လွှဲပြောင်းပေးပို့ရန် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ 

ထို့ကြောင့် အယ်လ်ရှီဖာဆေးရုံမှ မွေးကင်းစ ကလေးငယ်များကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမည့် အစီအစဉ်များ ဖြစ်လာနိုင်သည်။

ဂါဇာဒေသကို တွေ့ရစဉ်

အယ်လ်ရှီဖာ ဆေးရုံအတွင်းရှိ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အယ် ကွီဒရာ (Ashraf Al-Qidra) ကမူ ပြီးခဲ့သည့် ၃ ရက်အတွင်း မွေးကင်းစ ကလေးငယ် ၃ ဦး အပါအဝင် လူနာ ၃၂ ဦး သေဆုံးခဲ့သည်ဟု နိုဝင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် ဆေးရုံအတွင်း လူနာပေါင်း ၆၅၀ ခန့် ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

အယ်လ်ရှီဖာ ဆေးရုံတွင် လူနာများသေဆုံးသည့် သတင်းများနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ပထမဆုံး မှတ်ချက်စကား၌ ဂါဇာရှိ ဆေးရုံများကို တိုက်ခိုက်မှုများမှ အကာအကွယ် ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Source: ရိုက်တာ