CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) နှင့် PDF ပူးပေါင်း တပ်တို့သည် ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် မြို့တွင်းတိုက်ပွဲများကြောင့် လွိုင်ကော်မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများက ပြောသည်။

လွိုင်ကော်မြို့တိုက်ပွဲ အခြေအနေအရ မနေသင့်တော့ဟုဆိုကာ ထွက်လာခဲ့ကြကြောင်း၊ မြို့နေလူထု ၉၀ ရာခိုင်နှုန်းခန့်မှာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရောက်နေကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က လွိုင်ကော်မြို့မှာ လူကို မရှိသလောက် ရှိနေပြီ။ အကုန်လုံး ရှမ်းပြည်တောင်ပိုင်းဖက်ကို ပြေးလာတော့ နောက်ပိုင်းအခြေအနေတော့ မသိတော့ဘူး။ အင်တာနက်တွေရော၊ လိုင်းတွေရော၊ ဖုန်းတွေရော ဖျက်ထားတော့ ဘယ်လိုမှ ဘာမှ အဆက်အသွယ်မရဘူး။ အဲဒီလို ဖြစ်နေတယ်၊ မီးလည်း မရှိတော့ဘူးလေ၊ မီး မရှိတော့ ဘာအားမှလည်း သွင်းလို့မရတော့ဘူး။ လွိုင်ကော်ကတော့၊ ဒီမှာ ရှိနေတဲ့ လူတော်တော်များများက ၉၀ ရာခိုင်နှုန်းလောက်က အကုန်လုံး အောင်ပန်းတို့၊ ပင်လောင်းတို့၊ တောင်ကြီးတို့၊ အေးသာယာတို့၊ ညောင်ရွှေတို့ ရောက်ကုန်ပြီလေ” ဟု ပြောသည်။

KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်

ကယားပြည်နယ်တွင် လူဦးရေ စုစုပေါင်း ၅ သိန်း ဝန်းကျင်ရှိပြီး လွိုင်ကော်မြို့နယ်တွင် လူဦးရေ ၁ သိန်းကျော် နေထိုင်ကြသည်။ 

လက်ရှိတွင် လွိုင်ကော်မြို့၌ တိုက်ပွဲများဖြစ်ပေါ်နေ၍ ဒေသခံများသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့က လွိုင်ကော်မြို့နယ်မှာ KNDF မှ မြို့သိမ်းတိုက်ပွဲ စတင်ပြီးနောက် မြန်မာ့ တပ်မတော်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများ ရှိခဲ့သည်။

လွိုင်ကော်မြို့သိမ်း တိုက်ပွဲများကြောင့် နေအိမ် အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွားပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောကြားထားသည်။

တိုက်ပွဲကြောင့် မြို့ခံလူထုအများစု တိုက်ပွဲရှောင်နေကြပြီး မြို့တွင်းမှာ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများသာ ကျန်ရှိတော့သည့် အနေအထားဖြစ်နေကြောင်း လွိုင်ကော်မြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “မြေပြင် အခြေအနေကတော့ အတိအကျတော့ မသိရဘူး။ ဒါပေမဲ့ ခန့်မှန်းခြေ ၄ သိန်းလောက် ရှိတာက တော့ ၃ သိန်းလောက်ကတော့ မရှိတော့ဘူး။ ကျန်တာတွေတော့ ဟိုတစ်စု ဒီတစ်စု အဲဒီလောက်လေးပဲ ရှိတယ်၊ လွိုင်ကော်မြို့ပေါ်မှာတော့ မဟုတ်ဘူး။ နီးစပ်ရာ နေရာလေးတွေမှာ အဲဒါလေးပဲ ရှိပါတယ်။ မြို့သိမ်းတိုက်ပွဲတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ စကစလောက်ပဲ ကျန်တော့တယ်လို့ ထင်တယ်၊ အဲဒီနားနဲ့ အဲဒီ ပတ်ဝန်းကျင်လောက်နဲ့ ဆေးရုံကုန်း အဲဒီဖက်လောက်ပဲ ကျန်တော့တယ်၊ ကျန်တာတွေကတော့ ကျနော်တို့ လည်း အပွင့်လင်းပြောရင် အတိအကျမသိရဘူး” ဟု ပြောသည်။

လွိုင်ကော်မြို့ကို တော်လှန်ရေးအင်အားစုများက ၁၁၁၁ စစ်ဆင်ရေးအား နိုဝင်ဘာ ၁၁ ရက်နေ့က စတင် ဆင်နွှဲ ခဲ့ပြီး လက်ရှိအချိန် တိုက်ပွားများ ဖြစ်ပွားလျက်ရှိနေသလို နှစ်ဖက်ထိခိုက် ကျဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။