CNI International News

နယူးဒေလီ၊ ဒီဇင်ဘာ ၈ 

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် လုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဆစ်ခ် (Sikh) ခွဲထွက်ရေးဝါဒီများကို အာရုံစိုက်ပြီး နှိမ်နင်းနေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဆစ်ခ်ခွဲထွက်ရေး အမိမြေထူထောင်ရန် လှုပ်ရှားမှုသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ ပြီဖြစ်သည်။

သို့သော်လည်း မကြာသေးမီ လများအတွင်း အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ဆစ်ခ်ခွဲထွက်ဝါဒီ ခေါင်းဆောင် များ ပစ်မှတ်ထားခံရမှု၌ အိန္ဒိယအစိုးရက ပါဝင်ပတ်သက်မှု ရှိခဲ့သည်ဆိုသည့် စွဲချက်များထွက်ပေါ်လာမှ ထိုအရေး ကို နိုင်ငံတကာက အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။

လုပ်ကြံခံရလို့ သေဆုံးသွားတဲ့ ဆစ်ခ်ခွဲထွက်ရေးသမားကိုတွေ့ရစဉ်

အိန္ဒိယအစိုးရကမူ ကနေဒါနိုင်ငံ၊ ဗန်ကူးဗား (Vancouver) မြို့ ဆင်ခြေဖုံးတွင် ဆစ်ခ်ခွဲထွက်ရေး တက်ကြွလှုပ်ရှား သူတစ်ဦး သတ်ဖြတ်ခံရမှု၌ အိန္ဒိယအစိုးရနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။ 

ထို့ပြင် အမေရိကန်တွင်လည်း ဆစ်ခ်ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအား ပစ်မှတ်ထားသည့် အစီအစဉ် အောင်မြင်ခြင်း မရှိခဲ့သော်လည်း ထိုဖြစ်စဉ်တွင် အိန္ဒိယအစိုးရက ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံခဲ့ရသည်။ 

အိန္ဒိယအစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ဆစ်ခ်ခွဲထွက်ရေး လှုပ်ရှားမှုသည် လာမည့်နှစ်တွင် ပြုလုပ်မည့်် အိန္ဒိယအထွေထွေ ရွေးကောက်ပွဲ၌ မိုဒီ၏ အာဏာရပါတီဖြစ်သည့် ဟိန္ဒိူမျိုးချစ် (BJP) ပါတီက ဖြေရှင်းရမည့် နိုင်ငံရေး ပုစ္ဆာတစ်ပုဒ် ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဆစ်ခ်ခွဲထွက်ရေး တက်ကြွသူများကိုတွေ့ရစဉ်

အိန္ဒိယလုံခြုံရေး အရာရှိများကလည်း ပန်ဂျပ်ပြည်နယ်၏ ဆစ်ခ်ဝါဒီများနှင့် အဆက်အသွယ်ရှိသည့် ပြည်ပ နိုင်ငံများမှ ဆစ်ခ်ဝါဒီ အဆက်အသွယ်များကို နှိမ်နင်းရမည်ဟု ပြောကြားခဲ့သည်။

ဆစ်ခ်ဘာသာဝင်များကမူ မိုဒီသည် ၎င်းတို့၏ ခေါင်းဆောင်မှုအပိုင်းကို ဖျက်ဆီးရန် ကြိုးပမ်းနေပြီး ၎င်း၏ ဟိန္ဒိူအခြေပြု မူဝါဒများဖြင့် အစားထိုးရန် ကြံစည်နေသည်ဟု စွပ်စွဲခဲ့သည်။

ဆစ်ခ်ခွဲထွက်ဝါဒီများကမူ ၁၅ ရာစုနှစ် ကုန်ပိုင်းက တည်ထောင်ခဲ့သည့် ဆစ်ခ်ဘာသာ၏ တည်နေရာဖြစ်သည့် ပန်ဂျပ်ပြည်နယ်တွင် ခါလစ္စတန်ဟု လူသိများသည့် ဆစ်ခ်အမိမြေကို ထူထောင်ခွင့်ရရှိရန် တောင်းဆိုပြီး ခွဲထွက် ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

Source: ရိုက်တာ