CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁

ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ ရှမ်း-ကယားနယ်စပ်က မြန်မာ့တပ်မတော်၏ ခြေကုပ် စခန်းတစ်ခုကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) B17-B14 တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စခန်းသည် မြန်မာ့တပ်မတော်၏ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း)ဟု ကရင်နီတပ်မတော်(KA)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်တွင် “စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ စစ်အာဏာသိမ်းပြီးနောက် ရှားတောမြို့နယ်အတွင်း စကစ ကြားစခန်း အပါအဝင် ခြေကုပ်စခန်း(၈)ခု သိမ်းပိုက်ရရှိခဲ့ပါသည်”ဟု ဖော်ပြထားသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အသိမ်းခံလိုက်ရတဲ့ မြန်မာ့တပ်မတော်စခန်း (Karenni Army Center-Kn.A.C)

KNDF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးကနေ တပ်မတော် ဖြုတ်ချရေးအတွက် ပေါ်ပေါက်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ KA ကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ စစ်ရေး လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KA- KNDF  ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူများလည်း ရှိသလို နေအိမ်များ မီးလောင် ပျက်စီး ဆုံးရှုံးမှုများလည်း ရှိနေသည်။