CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိသည့် ကရင်နီပြည်နယ်တစ်ခု အနေဖြင့် ပြည်ထောင်စုအတွင်း ရပ်တည် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)မှ ထုတ်ပြန်၍ ပြောကြားခဲ့သည်။

ယနေ့ (ဇွန်လ ၂၁ ရက်)တွင် ကျရောက်သည့် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် KNDF မှ အထက်ပါ အတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

KNDF က “ဌာနေတိုင်းရင်းသားနှင့် ကရင်နီပြည်နယ်ရှိ ပြည်သူလူထုများဖြစ်သည့် ကရင်နီအမျိုးသားများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိသည့် ပြည်နယ်တစ်ခုအနေဖြင့် ပြည်ထောင်စုတွင် ရပ်တည်ဖော်ဆောင်သွားမည်။ ဌာနေ တိုင်းရင်းသား များ၏ လူနည်းစု အခွင့်အရေးနှင့် ကရင်နီပြည်သူ လူထုအားလုံး၏ တန်းတူအခွင့်အရေးနှင့် အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အနာဂတ်တွင် ပြဋ္ဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တိကျစွာ ကာကွယ်ပြဋ္ဌာန်းရုံမက အမှန်တကယ် အကောင် အထည် ဖော်နိုင်ရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ ရပ်တည်ဖော်ဆောင်သွားမည်” ဟု ဖော်ပြထားသည်။

KNDF မှ ကရင်နီပြည်နယ် ဖော်ဆောင်မည့် ကိစ္စနှင့်ပတ်သက်၍ ထူးခြားသည့် အဆိုပြုချက် မဟုတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ သဘောထားနှင့် ကိုက်ညီသည့် ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

KNDF တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စမှာကတော့ NUG က ထုတ်ပြန်တဲ့ ဖက်ဒရယ်ပဋိညာဉ် စာတမ်းထဲမှာ ပါပြီး သားပါ။ တကယ်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ပြဿနာက ဖက်ဒရယ်အခြေခံမူရဲ့ အစိတ်ပိုင်းတစ်ပိုင်းသာ ဖြစ်ပါတယ်။ ဖက်ဒရယ်မူမှာ အဓိကအားဖြင့် မူနှစ်ရပ် ရှိပါတယ်။ တစ်ခုက တန်းတူရေး ဖြစ်ပါတယ်။ တိုင်းရင်းသား အချင်းချင်း၊ ဒေသ အချင်းချင်း၊ တန်းတူညီမျှရေးဆိုတဲ့ အခြေခံမူ လိုအပ်ပါတယ်။ အဲဒီအခြေခံမူနဲ့ ပေါင်းစပ်ပြီး ဖော်ပြထားတဲ့ ပြည်နယ် အလိုက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ဖက်ဒရယ်ပဋိညာဉ်အရ အခြေခံအားဖြင့် အသိအမှတ်ပြုပြီးသားပါ။ အဲဒီ အသိအမှတ် ပြုမှု တွေကို ဘယ်လို ဖော်ပြမလဲဆိုရင် ပြည်နယ်အလိုက် သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေ ရေးဆွဲသင့်တယ်ဆိုတဲ့ ကိစ္စ တွေ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီပြဌာန်းချက်ဟာ ဖက်ဒရယ်ပဋိညာဉ်ထဲမှာ ပါဝင်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ကို အာမခံချက်ပေးတဲ့ အချက်အလက် ဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီပြည်နယ်ရဲ့ တောင်းဆိုမှုဟာ ဖက်ဒရယ်ပဋိညာဉ်ရဲ့ ပေးအပ်ထားတဲ့ အခွင့်အရေးထဲမှာ ပါဝင်နေတဲ့ ပြည်နယ်ချင်း တန်းတူညီမျှရေးဆိုတဲ့ အချက်အလက် ကို‌တောင် မတောင်းဆို တဲ့အတွက် ခုနက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ပြဿနာက NUG ရဲ့ ဖက်ဒရယ်မူထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ် အခြေခံမူတွေနဲ့ ပတ်သက်တဲ့နေရာမှာ NUG ရဲ့ သဘောထားနဲ့ အခုထုတ်ပြန်တဲ့ သ‌ဘောထားက အတူတူပဲ ဖြစ် တယ်၊ ပိုပြီးတော့တောင်မှ ဖက်ဒရယ်ပဋိညာဉ်က ပိုကျယ်ပြန့်သေးတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

KNDF တည်ဆောက်လိုသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်နီပြည်နယ်ဆိုသည်မှာ မည်သည့် အတိုင်းအတာ မျိုးလဲဆိုသည်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း၊ “ဝ”ကဲ့သို့သော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတိုင်းအတာမျိုးလား ဆိုသည်ကိုတော့ မသိရသေးပေ။
ကရင်နီအမျိုးသား ရည်မှန်းချက်ကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင် သွားမည်ဖြစ်ပြီး ရည်မှန်း ချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အာဏာယူပြီးနောက် ကယား(ကရင်နီ)ပြည်နယ်တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ဒေသကာကွယ်ရေးတပ် (PDF)နှင့် တပ်မတော်တို အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။