CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

ကရင်နီလူမျိုးစုနှင့် ပအိုဝ်းလူမျိုးစုအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများကို သတိကြီးစွာထား၍ စည်းလုံးရမည့် အချိန်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းခဲ့သည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း-၁၀ (KNDF B-10) ၏ ဖွဲ့စည်းခုံတော်လှန်မှု နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

PNFC မှ ပေးပို့သည့် သဝဏ်လွှာတွင် “နယ်မြေအချင်းချင်း ပဋိပက္ခများကို ဖန်တီး၍ လူမျိုးတစ်မျိုး အတွင်းရှိ မတူကွဲပြားသော အစုအဖွဲ့များ အကြားတွင် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်း၊ နယ်မြေချင်း ပဋိပက္ခများမှ တဆင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး အကြား လူမျိုးစုပဋိပက္ခများ ဖြစ်ပွားစေရန် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်းတို့ကို ဖန်တီးလျက်ရှိသည်။ ကရင်နီ နှင့် ပအိုဝ်းတို့သည် ဆွေရင်းမျိုးရင် ညီကိုမောင်နှမရင်းများ ဖြစ်ကြသကဲ့သို့ “တစ်ဦး နှင့်တစ်ဦး မပစ်ပယ်ကြစတမ်း ကတိကဝတ်များ” ကို သမိုင်းစဉ် တစ်လျှောက်လုံး ထိန်းသိမ်း၍ အေးတူပူအမျှ နေထိုင်ခဲ့ကြသည့် မိသားစုများ ဖြစ် သည့် အလျှောက် ကရန်နီနှင့် ပအိုဝ်းအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများ ကို သတိကြီးစွားထား၍ စည်းလုံးရ မည့် အချိန်ဖြစ်သည်” ဟု ဖော်ပြထားသည်။

KNDF-B 10 တပ်ဖွဲ့ကိုတွေ့ရစဉ်(KNDF)

ထို့အတူ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများ အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်‌ရေးတွင် အစဉ်တစိုက် လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပအိုဝ်း နွေဦးတော်လှန်ရေး အင်အားစုများဖြင့် စုဖွဲ့ထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည့် ကရင်နီ လက်နက်ကိုင် အစုအဖွဲ့ဖြစ်သည်။