CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ခိုးဆိုးလုယက်မှု၊ ဓားမြတိုက်မှုများနှင့် ဖောက်ထွင်းမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း၊တစ်စုံတရာအပြစ်ပေးလုပ်ဆောင်ခြင်း မရှိသည့် အတွက် ယင်းလုပ်ငန်းများသည် ယခုကာလတွင် ပိုမို များပြားလာခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအရေး စောင့်ကြည့် သူများက ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို အဓိကထား တာဝန်ယူရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ၎င်း၏ ပင်မလုပ်ငန်းဖြစ်သည့် ရာဇဝတ်မှု ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပြည်သူလူထုကို ကာကွယ်ရမည့် လုပ်ငန်းများ လုပ်ဆောင်သည့်အပိုင်းတွင် အားနည်းနေခြင်းကြောင့် ဒုစရိုက်လုပ်ငန်းများ ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု ဥပဒေအကြံပေးဖြစ်သူ ရှေ့နေတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ရာဇဝတ်မှုတွေကို ကိုင်တွယ်ထိန်းသိမ်းရမယ့် ပင်မအဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း သူ့ရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ တရားဥပဒေစိုးမိုးမှု၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှုမှာ သူမလုပ်နိုင်ဘူး။ ဆိုကြပါစို့ အမှုတောင် ဖွင့်ပေး နိုင်တဲ့ အနေအထားမျိုးမှာ မရှိဘူး။ ဖမ်းဆီးဖို့လည်း ဒီနေ့အထိ ပြင်းပြင်းထန်ထန် လုပ်တာမျိုးမရှိဘူး။ အဲလို အခြေ အနေထိ ဖြစ်လာတဲ့အခါမှာ နိုင်ငံတနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်သွားတာကို ဟိုလူတွေ က အခွင့်ကောင်းယူလိုက်တဲ့ ဒုစရိုက်လုပ်ငန်းတွေနဲ့ အသက်‌မွေးတဲ့ ရာဇဝတ်သားတွေက ခေါင်းထောင်လာတာ” ဟု ၎င်းက ပြောသည်။

ပြည်သူလူထုများအနေဖြင့် လက်ရှိအချိန်သည် မိမိတို့၏ လုံခြုံရေးကို မိမိသာ ကာကွယ်နေရသည့် အနေအထား ဖြစ်နေကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် ဥပဒေပိုင်းဆိုင်ရာ နှင့် ပတ်သက်ပြီး ရှေ့နေ့အများစုကလည်း လက်ရှိကာလတွင် အကြံပေးနိုင်သည်မှာ မရှိကြောင်း ၎င်းရှေ့နေက ဆက်ပြောသည်။

လက်ရှိ ရန်ကုန်မြို့နှင့် တခြားသော တိုင်းဒေသကြီးအသီးသီးတွင် ခိုးဆိုးလုနှိုက်မှု၊ အုပ်စုဖွဲ့လုယက်မှု၊ နေအိမ် ဓားမြတိုက်မှုနှင့် ဘဏ်ဓားမြတိုက်မှုများသည် ယခင်ကထက် ပိုမိုဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ထို့သို့ ဖြစ်ပေါ်သည့်အခါတွင် ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားရာတွင် အမှုဖွင့်လှစ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏ လုံခြုံရေးကိစ္စရပ်အပေါ် အားစိုက်လုပ်ဆောင်သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။

“အန်တီတို့ တွေ့နေရတယ်ပေါ့နော်။ ရဲစခန်းတွေမှာ ပြည်သူလူထုက အမှုတိုင်ကြားလို့ရှိရင် ရဲစခန်းတချို့က အမှု မဖွင့်ပေးတာကို တွေ့ရတယ်ပေါ့နော်။ အဲဒါကလည်း ပြည်သူလူထုအပေါ်မှာ တာဝန်မကျေတာပဲ။ အမှန်ကတော့ မြို့နယ်တိုင်းက ရဲတပ်ဖွဲ့တွေက ကိုယ့်ရဲ့နယ်ထဲမှာ ဘယ်သူတွေက ပြည်သူ့ဘဝ လုံခြုံရေးအတွက် အန္တရာယ် ရှိတယ်ဆိုတာက အသိဆုံးပဲ။ အဲတော့ သူတို့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက်ကို ဘယ်သူတွေက အန္တရာယ် ပြုနိုင်တယ်ဆိုတာကို အသိဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကြိုတင်ကာကွယ်မှုတွေ လုပ်လို့ရတယ်ပေါ့နော်။ အဲဒီအပေါ်မှာ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တချို့က အရမ်းကို အားနည်းတယ်ပေါ့နော်။ တခြားသောကိစ္စတွေမှာ အာရုံစိုက်နေတာတွေ များတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး အရေးကြီးတဲ့ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ တာဝန်တွေ လစ်ဟင်းနေတာလို့ မြင်တယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လုံခြုံရေးကိစ္စတွေပေါ်မှာ ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးတော့ အားစိုက်သင့်တယ်လို့ အန်တီတို့က မေတ္တာရပ်ခံချင်တယ်” ဟု ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ခိုးဆိုးလုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားမြတိုက်မှုများသည် ကျေးလက်‌ဒေသများထက် ရန်ကုန်ကဲ့သို့ မြို့ကြီးများ၊ တခြားသော တိုင်းနှင့်ပြည်နယ်ရှိ မြို့ပြများတွင်ပါ ပိုမိုဖြစ်ပွားမှုရှိကြောင်း တွေ့ရှိရသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်တွေကဲ့သို့ မြို့ပြတွင်သာ အများဆုံးဖြစ်ပေါ်လေ့ရှိကြောင်းနှင့် အကျဉ်းထောင်များမှ ရာဇဝတ်မှုဖြင့် အကျဉ်းကျပြီး ပြန်လည်လွတ်မြောက်လာသူတချို့ကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သို့ ပြောသည်။
“အကျဉ်းထောင်တွေ အသီးသီးက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေ ရှိတယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျ ပြီးတော့ လွတ်လာတဲ့သူတွေရှိတယ်။ ဒါ နံပါတ်တစ် တစ်ချက်။ နံပါတ်နှစ်က စီးပွားလူမှုဘဝ ကျပ်တည်းလာတဲ့ အတွက်ကြောင့် မလွှဲမရှောင်သာလို့ နီးစပ်ရာကတဆင့် ကျူးလွန်ကြတဲ့သူရှိတယ်။ နောက်တစ်ခုက အရင် ကတည်းက ဒီဟာအပေါ်မှာပဲ လုပ်ကိုင်စားသောက်မှုပေါ်မှာပဲ ပျော်မွေ့နေတဲ့ လူတချို့ပေါ့နော် လုပ်ကိုင် စားသောက်မှု မလုပ်ချင်တဲ့ လူတချို့က အပင်ပန်းခံပြီးတော့ အဲလိုလူတွေကြောင့် အဓိက ဖြစ်နေတာပေါ့ မြို့ပြ မှာ‌တော့ ရခိုင်မှာတော့ ဒီအချက်တွေကို ရန်ကုန်မှာနဲ့ မြို့ပြကြီးတွေမှာလည်း ဒီအချက်တွေအပေါ်မှာပဲ အခြေခံ တယ်လို့ မြင်မိတယ်ပေါ့” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ဖြစ်ခဲ့သည့် လုယက်မှု၊ နေအိမ်ဓားမြတိုက်မှုများသည် သက်ကြီးရွယ်အိုများရှိသည့် နေအိမ်များကို အဓိကထားပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုချက်များရှိပြီး ပြည်သူလူထုအနေဖြင့် မိမိလုံခြုံရေး မိမိတာဝန် ယူနေရသည့်အတွက် အန္တရာယ်ဖြစ်စေမည့်နေရာများ ရှောင်ရှားသင့်ကြောင်း၊ တစ်ဦးတည်းသွားလာရာတွင်လည်း သတိထားသွားလာသင့်ကြောင်း ရှေ့နေများနှင့် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။