CNI International News

ဘိုဂိုတာ၊ ဇွန်လ ၂၁

ကိုလံဘီယာသမ္မတသစ် ဂူတာစတာဘိုပီထရိုကို စစ်ရေး၊ စီးပွားရေး ဈေးကွက်၊ လက်နက်ကိုင် သူပုန်များနှင့် ဆယ်စုနှစ်များ စွာကြာ ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ လွှတ်တော်(ကွန်ဂရက်)ထဲတွင် လုံလောက်စွာ ထောက်ခံမှု ရရှိရေး စသည့် စိန်ခေါ်မှုများက အသင့်စောင့်ဆိုင်းနေသည်။

ထိုအရေးကိစ္စတို့မှာ အသက် ၆၂ နှစ်အရွယ်ရှိ ပြောက်ကျား လက်နက်ကိုင်ဟောင်းဖြစ်ခဲ့သူ သမ္မတသစ်အတွက် အဓိက ကိုင်တွယ် ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ကြကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဇွန်လ ၂၀ ရက်တွင် ရေးသားဖော်ပြ သည်။

ပီထရို၏ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပသည့်အခါ လက်ရှိ စစ်ဦးစီးချုပ်က နိုင်ငံတစ်နိုင်ငံရှိ ပြောက်ကျားဟောင်း တစ်ဦးအပေါ် သစ္စာစောင့်သိပါမည်ဟု ပါဝင် ကတိပြု ပေးရမည် ဖြစ်သည်။ ကိုလံဘီယာ စစ်တပ်သည် လက်ဝဲ သူပုန် ပြောက်ကျားများကို ဆယ်စုနှစ် ၆ ခု ကြာ တိုက်ခိုက်နှိမ်နင်းခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလကလည်း စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များသည် ကိုလံဘီယာ၏ အကြီးဆုံး မူးယစ်ဂိုဏ်းဖြစ်သော Gulf Clan နှင့် မဟာမိတ်ဖွဲ့ထားကြောင်း ပီထရိုက စွပ်စွဲခဲ့သည်။

ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ စစ်တပ် ဗိုလ်ချုပ်ကြီး အဂွါဒိုဇာပစ်ထရိုက “နိုင်ငံရေးသမား၏လေလုံး” သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

 ကိုလံဘီယာသမ္မတသစ် ဂူတာစတာဘိုပီထရို ကိုတွေ့ရစဉ် (AP)

ထိုသို့ တုံ့ပြန် ပြောဆိုခြင်းသည် လုံခြုံရေးသာ တာဝန်ယူရသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များအတွက် နိုင်ငံရေး ဆွေးနွေး ငြင်းခုံခြင်း (သို့မဟုတ်) မဲပေးခြင်းတို့တွင် မပါဝင်ရန် တားမြစ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်ခဲ့သည်။

“အခု သမ္မတသစ်နဲ့ စစ်တပ်အကြား အယုံအကြည် မရှိကြတဲ့ ပြဿနာဟာ ထင်ရှားပါတယ်။ စစ်တပ်က လေးစားမှုရှိပြီး ကွပ်ကဲရေးအပိုင်း ယုံကြည်စိတ်ချရတဲ့ သူတစ်ဦးဦးကို ပီထရိုကနေ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ပေးမှာပါ။ အဲဒီလိုမှ မဟုတ်ရင် အသွင်ကူးပြောင်းရေး ကာလမှာ ရှုပ်ထွေးသွားနိုင်တယ်” ဟု ကိုလံဘီယာ စွန့်စားမှုဆိုင်ရာ ဆန်းစစ် အတိုင်ပင်ခံ လုပ်ငန်း၏ ဥက္ကဋ္ဌ ဆာဂျီယိုဂက်ဇ်မန်းက ပြောကြားခဲ့သည်။

သမ္မတသစ် တက်လာသည့်အခါ စစ်တပ်ထိပ်ပိုင်း၏ အမိန့်များကို ရှင်းလင်းသုတ်သင်ရမည်မှာ ပုံမှန် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း လော့အင်ဂျလိစ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖဲလစ်ဘိုတာရိုက မှတ်ချက်ချခဲ့သည်။

သို့သော် ပီထရိုအနေဖြင့် သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးကို သမ္မတသစ်က ရွေးချယ်ပေးရမည့်ကိစ္စမှာ အထူးတလည် စိစစ်ရမည်ဖြစ်သည်။

  ကိုလံဘီယာ နိုင်ငံအတွင်းက ရွေးကောက်ပွဲ စည်းရုံးမှုတစ်ခု

ပြောက်ကျားဟောင်း တစ်ဦးဖြစ်ခဲ့သော ပီထရို ကိုယ်နှိုက်မှာလည်း သံသယစိတ်နှင့် အမုန်းတရား နောက်ခံ အခြင်းအရာများ ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ ရွေးကောက်ပွဲအကြို မဲဆွယ်သည့် ကာလကပင် ပီထရိုသည် လူပေါင်း မြောက်မြားစွာကို ကိုယ် တိုင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ စွပ်စွဲချက်များ အပါအဝင် လွဲချော်သည့် ထိုးနှက်များစွာကို ရင်ဆိုင်ခဲ့ရသည်။

ပီထရိုကတော့ M-19 ပြောက်ကျားသူပုန်အဖွဲ့တွင် မိမိရှိခဲ့စဉ်က စည်းရုံးရေးမှူးတာဝန်သာ ယူခဲ့ကြောင်း ချေပပြောဆိုခဲ့သည်။

“ဒါဟာ လိမ်ညာမှုတွေနဲ့ အကြောက်တရားဖြစ်အောင် လှုံ့ဆော်မှုတစ်ခုပဲဗျ” ဟု ပီထရိုက ပြောခဲ့သည်။

သူသည် အာဏာရလာသည့်အခါ ကိုလံဘီယာ၏ နောက်ဆုံးကျန်နေသော သူပုန်အဖွဲ့ဖြစ်သော အမျိုးသား လွတ်မြောက်ရေး တပ် (ELN) နှင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်သွားမည်ဟု ရွေးကောက်ပွဲ မတိုင်မီက ကတိပြုခဲ့သည်။

Source: AFP, Bangkok Post