CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၇

ထိုင်းနိုင်ငံတွင် ဆေးလိပ်သောက်သူ ၇၀၀,၀၀၀ ကျော်သည် ဆီးချိုရောဂါရှိနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

၎င်းတို့အနက် ထက်ဝက်နီးပါးသည် ၎င်းတို့တွင် ဆီးချိုရောဂါ ရှိနေသည်ကို မသိကြကြောင်း ဆရာဝန်များက သတိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က Faculty of Medicine Ramathibodi ဆေးရုံသည် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး စနစ်များ သုတေသန အင်စတီကျုနှင့် ထိုင်းကျန်းမာရေး မြှင့်တင်ရေးဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် လေ့လာချက် စစ်တမ်းအရ ထိုရလဒ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မဟီဒေါ တက္ကသိုလ် (Mahidol University) ရှိ Faculty of Medicine Ramathibodi ဆေးရုံမှ ဆရာဝန် ဒေါက်တာ ရွန်ရူဒီ ပါ့စ်ဒါနာဗာနီချယ်(Roengrudee Patanavanich)က ထိုင်းလူမျိုး ၆ ဒသမ ၁ သန်းတွင် ဆီးချိုရောဂါ ရှိနေ ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

ထိုဆီးချို ရောဂါသည်များအနက် ၇၇၉,၀၆၀ ဦးသည် ဆေးလိပ် သောက်သူများဖြစ်ပြီး ၎င်းတို့အနက် ၃၃၇,၅၄၂ ဦးသည် ၎င်းတို့တွင် ဆီးချိုရောဂါရှိနေသည်ကို မသိကြကြောင်း ဒေါက်တာရွန်ရူဒီက ပြောသည်။

ထိုင်းကျန်းမာရေးစင်တာ တစ်ခုကိုတွေ့ရစဉ်

ထို့ပြင် ဆီးချိုရောဂါ ရှိနေသည်ကို သိထားသည့် လူပေါင်း ၄၂,၀၉၉ ဦးသည် ဆေးဝါးကုသမှု မခံယူကြကြောင်း လည်း ၎င်းက ဆိုသည်။

ဆေးဝါးကုသမှု ခံယူသူများအနက် ၂၂၆,၃၉၂ ဦးသည် ဆီးချိုရောဂါကို မထိန်းနိုင်ဘဲ ၁၃၃,၀၂၇ ဦးသာ ၎င်းတို့၏ ရောဂါ အခြေအနေအား ထိန်းနိုင်ကြောင်း လေ့လာချက်တွင် ဖော်ပြထားသည်။

ဆေးလိပ် သောက်သုံးခြင်းသည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်စေ ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ၏ မှတ်တမ်းများတွင် ဖော်ပြထား သည်ဟု ဆေးလိပ်သောက်သုံးခြင်းနှင့် ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ပရာကစ်(Prakit Vathesatogkit) က ပြောကြားခဲ့သည်။

ဆီးချိုရောဂါ ရှိနေသူများ အနေဖြင့် ဆေးလိပ်သောက်ပါက သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရာတွင် ပိုမို ခက်ခဲပြီး နှလုံးနှင့် ကျောက်ကပ်ရောဂါများ၊ ခြေထောက်သို့ သွေးစီးဆင်းမှု နည်းပါးခြင်း၊ မျက်စိ အမြင်လွှာ ပျက်စီးခြင်း၊ လက်နှင့် ခြေထောက်များတွင် အာရုံကြောထိခိုက်ခြင်း၊ ထုံနေခြင်း၊ နာကျင်ခြင်း၊ အားနည်းခြင်းနှင့် တုန်တုန်ယင်ယင်ဖြစ်ခြင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးရွားသည့် ရောဂါများ ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောကြားခဲ့ သည်။

Source: ဘန်ကောက်ပို့စ်