CNI International News
ဘန်ကောက်၊ ဇွန်လ ၁၀
ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သား ခန့်အပ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ ပေးခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည် ၅၅၀၀ ကျော်သည် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ကြကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ချဉ်းကပ် ဆောင်ရွက်မှုသည် ဒေသတွင်း စံနမူနာပြတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်လိုက်ခြင်း၊ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် လုပ်သားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် ထိုင်းအစိုးရသည် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ခန့်ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ထိုမူဝါဒ အပြောင်းအလဲသည် နှစ်ဖက်နယ်စပ် တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ဆယ်စုနှစ် ပေါင်းများစွာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပေါ်၌သာ မှီခိုအားထားနေရသည့် ဒုက္ခသည်များအတွက် ထူးခြား သော တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စစ်ဆင်ရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး ရာအော့ဖ် မာဇူး (Raouf Mazou) က ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများသည် ဒုက္ခသည် ပြဿနာများနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှရှိ အခြားနိုင်ငံများအတွက် စံနမူနာပြတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။
ယခုကဲ့သို့ ချဉ်းကပ် ဆောင်ရွက်မှုသည် ဒုက္ခသည် အမြောက်အမြားကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှား ကဲ့သို့သော နိုင်ငံများအတွက် သင်ခန်းစာကောင်းများကို ပေးစွမ်းနိုင်ပြီး ဒုက္ခသည်များ အနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်များနှင့် အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိနေချိန်၌ ၎င်းတို့ကို လက်ခံထားသည့် နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ မည်သို့မည်ပုံ ပါဝင်ကူညီပေးနိုင်သည်ကို ပြသနေသည်။
“ဒီအစီအစဉ်က ဒီမှာသာ အောင်မြင်မယ်ဆိုရင် ဒေသတွင်းမှာပါ သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်” ဟု မာဇူးက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ထိုအစီအစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင် မိတ်ဆက်ခဲ့ကတည်းက ဒုက္ခသည် အလုပ်သမားများ အနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်များ၊ ကျန်းမာရေး စောင့်ရှောက်မှု အာမခံများနှင့် အနည်းဆုံး အခြေခံ လုပ်ခလစာတို့ကို ရရှိခံစားနိုင်စေရန် ထိုင်းအာဏာပိုင်များသည် အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း မာဇူးက ဆိုသည်။
ထိုလုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ဒုက္ခသည်များသည် ဘဏ်စာရင်း ဖွင့်လှစ်နိုင်ရန်၊ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ တရားဝင် ရပ်တည်မှုကို အတည်ပြုနိုင်ရန်အတွက် အထူးမှတ်ပုံတင် ကတ်ပြားများကို ရရှိကြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ကုလသမဂ္ဂအရာရှိများ၏ ခန့်မှန်းချက်များအရ လာမည့်နှစ်အတွင်း ဒုက္ခသည် ၁၀,၀၀၀ မှ ၂၀,၀၀၀ အကြား အလုပ်အကိုင်များ ရရှိလာနိုင်ဖွယ်ရှိသော်လည်း၊ အစီအစဉ် တိုးချဲ့ဆောင်ရွက်နိုင်မည့် အရှိန်အဟုန်သည် စီမံခန့်ခွဲ မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အလုပ်အကိုင်များ လက်တွေ့ ရရှိနိုင်မှုအပေါ်တွင် မူတည်နေပါသည်။
Source: ဘန်ကောက်ပို့စ်
