CNI International News

ဒါကာ၊ ဇွန်လ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စွမ်းအင်ထုတ်လုပ်နိုင်စွမ်းသည် လိုအပ်သည်ထက် ပိုလျှံနေခြင်းကြောင့် လျှပ်စစ် ဓာတ်အားခ (မီတာခ) ကုန်ကျစရိတ်များ မြင့်မားလာခဲ့ပြီး အစိုးရ၏ ထောက်ပံ့ကြေး အသုံးစရိတ်များကိုပါ ပိုမိုဖောင်းပွလာစေကြောင်း Nikkei Asia မှ ဖော်ပြခဲ့ည်။

မကြာသေးမီက မီတာခနှုန်းထားများ တိုးမြှင့်လိုက်မှုကြောင့် စားသုံးသူများ အနေဖြင့် ပိုမိုကြီးမားသော ကုန်ကျစရိတ်များနှင့် ရင်ဆိုင်နေရသော်လည်း အသုံးမပြုဘဲ ရပ်နားထားရသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများအတွက် ကုန်ကျစရိတ်များသည် အစိုးရတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရခြင်း ဖြစ်သည်။

ယခုကဲ့သို့ စွမ်းအင်ပိုလျှံမှု ပြဿနာသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စက်ရုံအသစ်များကို အလောတကြီး တည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမှန်တကယ် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပမာဏကို သေချာစွာ တွက်ချက်ခြင်းမရှိဘဲ စီမံကိန်းများကို ခွင့်ပြုပေးခဲ့သည့်အပြင် စွမ်းအင်ကဏ္ဍရှိ ပုဂ္ဂလိကကုမ္ပဏီများနှင့် ချုပ်ဆိုထားသော စာချုပ်များတွင် အစိုးရဘက်မှ နစ်နာမည့် အချက်များ ပါဝင်နေသည်ဟု လေ့လာသူများ သုံးသပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ စွမ်းအင်စက်ရုံကို တွေ့ရစဉ်

ထိုကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီများကို အာမခံကြေး ပေးဆောင်ရမည်ဆိုသည့် စာချုပ်ပါ အချက်က အဓိကပြဿနာ ဖြစ်နေပြီး နိုင်ငံတော်ဘတ်ဂျက်မှ ငွေကြေး အမြောက်အမြားသည် စွမ်းအင်ကဏ္ဍသို့ နှစ်စဉ် စီးဆင်းနေရသည်။

နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအား စွမ်းအင် ထောက်ပံ့ကြေးများကို လျှော့ချရန် ဖိအားပေးနေသဖြင့် အစိုးရအနေနှင့် ပြည်သူ့ဘဏ္ဍာ နစ်နာမှုများကို ပြန်လည်ကုစားနိုင်ရန် စွမ်းအင် မူဝါဒနှင့် စာချုပ်များကို ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် စက်ရုံသစ်များ ထပ်မံ တည်ဆောက်မည့်အစား ရှိပြီးသား ဓာတ်အားဖြန့်ဖြူးရေး စနစ်များကိုသာ အဆင့်မြှင့်တင်သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။

ထို့ပြင် လောင်စာဆီ တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရခြင်းကလည်း ကမ္ဘာ့ဈေးကွက် မတည်ငြိမ်မှု များကြား ဘင်္ဂလားဒေ့ရှ်၏ စွမ်းအင်ကဏ္ဍကို ပိုမို ထိခိုက်လွယ်စေသဖြင့် ထိုကဲ့သို့ စွမ်းအင်မူဝါဒ အလွဲအမှားများ ကြောင့် ဖြစ်ပေါ်လာသည့် ဘဏ္ဍာရေး အကျပ်အတည်းသည် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုကိုလည်း တစ်ဖက် တစ်လမ်းမှ တွန်းအားပေးနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Source: Nikkei Asia