CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) အနည်း ဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ဖြစ်သည်။

သို့သော် KNU/KNLA-PC ကတော့ နေပြည်တော် ဆွေးနွေးပွဲသို့ မသွားဘဲ လွတ်လပ်ရေးနေ့နှင့် ဘွဲ့များအပ်နှင်းပွဲ သို့သာ တက်ရောက်နိုင်ခြေရှိကြောင်း သိရသည်။

နေပြည်တော်ရောက်နေသော EAO တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက “ဟုတ်တယ်၊ နေပြည်တော် ရောက်နေတာ တော့ ဟုတ်တယ်။ ဘယ်အဖွဲ့တွေလည်း အတိအကျ မသိရသေးဘူး၊ ဘာအကြောင်းအရာတွေ ရှိမလဲဆိုတာ တော့ နောက်မှ ပြောမယ်။ အခုမသိရသေးဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP) အပါအဝင် PNLO၊ LDU၊ ALP၊ DKBA၊ KNU/KNLA-PC တို့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တွေ့ဆုံ ဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ထို့နောက် ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နေပြည်တော် ခရီးစဉ် ဖြစ်လာခဲ့သည်။

NSPNC သည် EAO ၇ ဖွဲ့ထံသို့ နံပါတ် ၁ အနေဖြင့် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန်၊ နံပါတ် ၂ အနေဖြင့် နစက-က အလွှာအသီးသီးကို ပေးအပ် ခဲ့သော ဘွဲ့များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ရန်၊ နံပါတ် ၃ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် စသဖြင့် နည်းလမ်း သုံးသွယ်ဖြင့် ဖိတ်ကြားလာခဲ့သည်ဟု သိရသည်။

ထို့နောက် RCSS နှင့် NMSP တို့ကတော့ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဘွဲ့အပ်နှင်းပွဲများသို့ တက်ရောက်ရန်အတွက် ကိုယ်စားလှယ် စေလွှတ်မှုကို တော့ လုပ်ဆောင်သွားမည်ဟု ကြားသိရသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများဖြစ်သည်။

ထို EAOs များသည် လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြားဝင် ဆောင်ရွက်ပေးရန်လည်း ကြိုး ပမ်းလျက်ရှိနေသည်။