CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအားသုံးသပ်ခြင်း၊  ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နှင့် ၁၀ ရက် ရက်နေ့ များတွင် ကျင်းပသော 7 EAO Alliance နှင့် NSPNC တို့ကြား ညှိနှိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ 7 EAO ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့၏ အစီရင်ခံ တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု 7 EAO Alliance က ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် 7 EAO Alliance နှင့် NSPNC တို့ ပူးတွဲပြီး မကြာမီ ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် သုံးသပ်ခြင်း ညှိနှိုင်းဆွေးနွေးပွဲအတွက် လိုအပ်သော  လမ်းညွှန်မှုများ ချမှတ်ခြင်းနှင့် တာဝန်ပေးအပ်မှုများ ပြုလုပ် ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးတွင် ဦးဆောင်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၊ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။