CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရက မည်ကဲ့သို့ ကိုင်တွယ်သွားမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်လာနေသည်။
တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ရရှိမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရန်အတွက် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်း၊ ရထားလမ်း၊ ရွှေလီ-မန္တလေး- ကျောက်ဖြူ အမြန်လမ်း စသည့် စီမံကိန်းများလည်း ရှိသည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ အရှေ့မျှော်ဝါဒဖြစ်သည့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းကို ဖြတ်သန်း ကာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသနှင့် ချိတ်ဆက်မည့် ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ် ရေးလမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
အစိုးရအနေဖြင့် ထိုစီမံကိန်းများရှိသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ် ညှိနှိုင်းဆွေးနွေး သည့် အခင်းအကျင်းများ ပေါ်လာနိုင်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အပေါ် ဖိအားပေးမှု၊ ကြားဝင် စေ့စပ်မှုများလည်း မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြ ကြသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းမှုများ မလုပ်ခင်တွင် စစ်ရေးအရ ပိုမိုဖိအားပေးလာမည့်သဘော ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

ကုလားတန်မြစ် စီမံကိန်းကို အိန္ဒိယသံအမတ်ကြီး လေ့လာနေစဉ်
၎င်းက “တစ်ဖက်ကလည်း Power Balance လုပ်ဖို့အတွက် စစ်ရေးအရ ဖိအားပေးမှုလေးတွေ ပိုလုပ်လာနိုင် တယ်။ စစ်ရေးအရ ပိုမိုဖိအားပေးပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် ဈေးဆစ်သလိုပေါ့ဗျာ။ ကိုယ့်ဘက်က နည်း နည်းလေး ပိုပြီး ဖိအားပေးပြီးလုပ်ရင် မဝယ်တော့ဘူးဗျာလို့လုပ်ရင် ဟိုဘက်က လျှော့ရတာပဲလေ အဲဒီ သဘော ပဲပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စကားပြောတဲ့အခါမှာ စစ်ရေးအရ ဖိအားပေးပြီး တစ်ဖက်က ဈေး မာမာ တင်လိုက်တဲ့ သဘောပဲပေါ့ဗျာ။ အဲဒီလိုမျိုးပဲဆိုတော့ ဖြစ်နိုင်တယ် ပိုပြီးဖြစ်လာနိုင်တယ် ဖြစ်ကိုဖြစ်လာ မယ်လို့လည်းထင်တယ်။ ဒီလိုနည်းနဲ့ပဲ လုပ်ရမှာ အပေးအယူ သပ်သပ်ကြီး တစ်ခုတည်းနဲ့လည်း အဆင်မပြေနိုင် ဘူး စစ်ရေးအရ အထိုက်အလျောက် ပေးမှုတွေတော့ လုပ်ရလိမ့်မယ်လို့ ထင်တယ်။ သို့သော် ဒါသည်လည်း လွန်ကဲစွာတော့ လုပ်မရဘူး။ အထူးသဖြင့် AA လိုဟာမျိုးကို သိမ်းထားတဲ့ နယ်မြေတွေက တချို့ ကိုယ့်ဘက်ကို ပြန်ရအောင် လုပ်ဖို့တော့ လိုလိမ့်မယ် ဒါမှသာလျှင် စကားပြောတဲ့အခါမှာ သူတို့ဘက်က အပေါ်စီး အရမ်းမများမှာ ပေါ့နော်။ ကျနော်ကတော့ အဲနှစ်မျိုး သွားမယ်လို့ထင်တယ်။ အဓိက,ကတော့ ဘာကို နောက်ဆုံးအဓိက သုံးရ မလဲဆိုရင်တော့ စေ့စပ်ညှိနှိုင်းမှုကတော့ အဓိက နောက်ဆုံးသွားရလိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
တရုတ်အစိုးရ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်၏ စီမံကိန်းများ ဖြစ်သည့် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက် စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများက ထောက်ပြကြသည်။
တရုတ်၏ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်အစိုးရအနေဖြင့် အစိုးရ- တပ်မတော်နှင့် AA တို့အကြား မည်ကဲ့သို့ ကြားဝင်စေ့စပ် ညှိနှိုင်းမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ AA အနေဖြင့်လည်း တရုတ်၏ ပြောစကားကို လက်ခံပါ့မလား ဆိုသည်မှာ မသေချာဘူးဟု နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အဲဒီတော့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံက လုပ်ငန်းကြီးတွေနဲ့ ပတ်သက်လို့ရှိရင်ဝောာ့ နှစ်ဖက်စလုံးက ထိခိုက်ရဲမှာ မဟုတ်ဘူး။ ထိခိုက်ရဲမှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ တရုတ်ကလည်း အဲဒါအတွက်တော့ သိပ် မပူဘူးပေါ့။ ရခိုင်ဒေသမှာကျတော့ အခုပြဿနာက ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး သူတို့က ထိန်းချုပ်ထားနိုင်ပြီ။ မြို့(၃) မြို့ပဲ ကျောက်ဖြူ၊ စစ်တွေနဲ့ ရမ်းဗြဲပဲ ကျန်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီက ဥစ္စာကို AA ဘက်ကတော့ ၂၀၂၇ မှာ အဆုံးအဖြတ် စကားပြောမယ်ဆိုတော့ အဲဒါကို ၂၀၂၇ မှာ ရအောင်သိမ်းမလားပေါ့နော်။ သူတို့အနေနဲ့က ပြောမယ်ဆိုရင်တော့ သတ်မှတ်ပေးထားတဲ့ ရခိုင်ပြည်နယ်ဆိုတဲ့ ဧရိယာတစ်ခုလုံးရအောင် တိုက် ချင်တဲ့ သဘောရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ တရုတ်က ဘယ်လိုကြားဝင်မလဲ။ တရုတ်ကကြားဝင်တဲ့ ဆွေးနွေး ချက်ကို ဆွေးနွေးတာကို AA ကရော နားထောင်ပါ့မလားပေါ့။ အဲဒါတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်းမရှိဘူး။ ဆိုလိုချင်တာက ခင်ဗျားတို့ မြို့တော်ဖြစ်တဲ့ စစ်တွေကို မတိုက်ပါနဲ့ ကျောက်ဖြူကို မသိမ်းပါနဲ့ စသဖြင့်ပေါ့ဗျာ အဲဒီ လိုဟာမျိုး တရုတ်က ပြောလာလို့ရှိရင် AA က လက်ခံပါ့မလားဆိုတာတော့ သိပ်မသေချာဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် ကုလာတန်းမြစ် ဘက်စုံစီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ- မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်း စီမံကိန်း အကောင်အထည်ဖော်ရေး၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွင်းရှိ သူပုန် များ နှိမ်နင်းရေး စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်လျက်ရှိပြီး စီးပွားရေးနှင့် ပတ်သက်သည့် သဘောတူညီချက် အများအပြား ရရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
