CNI International News

ပေါ့ဒ်ဂိုရစ်ဆာ၊ ဩဂုတ် ၂၀

မွန်တီနီဂရိုးနိုင်ငံတွင် ဝန်ကြီးချုပ် ဒရစ်တန်အဘာဇိုဗစ်၏ အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိကြောင်း အဆိုကို လွှတ်တော်က ဩဂုတ် ၂၀ ရက် (ယနေ့) အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အင်အားကောင်းနေသည့် ဆားဘီးယား ဩသဒေါ့ ဘာသာရေး အဖွဲ့အစည်းနှင့် ကာလအတန်ကြာ အငြင်းပွားနေသော သဘောတူစာချုပ် လက်မှတ် ရေးထိုးရေးကို ကန့်ကွက်ရန်လည်း လွှတ်တော်အမတ် များက အဆိုပြုခဲ့ကြသည်။

ဆားဘီးယားဘာသာရေးအဖွဲ့ ကျောထောက်နောက်ခံ ပြုထားသော ဝန်ကြီးချုပ် ဇာဒရက်ဗ်ကိုကရီဗို ကာပစ်၏ အစိုးရကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြုတ်ကျခဲ့ပြီးနောက်ပိုင်း ယခုလွှတ်တော်၏ အယုံ အကြည်မရှိ အဆိုတင်သွင်းခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။
“ရက်ပေါင်း ၁၀၀ အတွင်း ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့တဲ့အတွက် အင်မတန် ဂုဏ်ယူပါတယ်။ သက်တမ်းအတိုဆုံး အစိုးရဖြစ်ခဲ့ပေမယ့်လည်း အခက်အခဲဆုံး ဆုံးဖြတ်ချက်တွေ ချခဲ့ရတဲ့ အစိုးရအဖြစ် ကျနော်တို့ အမှတ်တရ ရှိနေမှာပါ” ဟု ဝန်ကြီးချုပ် အဘာဇိုဗစ်က လွှတ်တော်အတွင်း မဲခွဲ အတည်ပြုပြီး နောက် ပြောကြားခဲ့သည်။

မွန်တီနီဂရိုး လွှတ်တော် (Reuters)

ယခုအခါ သမ္မတ မီလိုဒဂျူကာနိုဗစ်သည် နောက်ထပ် ဝန်ကြီးချုပ်အသစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။ မြောက်အတ္တလန္တိတ်စစ်စာချုပ် (နေတိုး) အဖွဲ့ဝင်ဖြစ်သော မွန်တီနီဂရိုးသည် ဥရောပသမဂ္ဂ (EU) ထဲသို့ ပါဝင်ရန် ဆန္ဒရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးနိုင်သည့် အခွင့် အလမ်းလည်း ရှိပြီးဖြစ်သည်။

အေဒရီယေးတစ်ပင်လယ်နှင့် ထိစပ်နေသော မွန်တီနီဂရိုး၏ နိုင်ငံရေးမှာ မွန်တီနီဂရင်း လူမျိုးများနှင့် ရုရှား လိုလားသည့် ဆာ့ဘ်လူမျိုးဟု သတ်မှတ် ခံရသူများအကြား ကာလရှည်ကြာ သဘောထား ကွဲလွဲ မှုများ ရှိခဲ့သည်။ ရုရှားလိုလားသော ဆာ့ဘ်များက မွန်တီနီဂရိုးနှင့် ဆားဘီးယားတို့၏ လွတ်လပ်ရေးကို ဆန့်ကျင်နေကြသည်။

တစ်ရက်ကြာ အခြေအတင် ဆွေးနွေးကြပြီးနောက် သမ္မတမီလိုဒဂျူကာနိုဗစ်၏ ဆိုရှယ်လစ် ဒီမိုကရက် တစ်ပါတီ (DPS) နှင့် အာဏာရ ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် အခြား ပါတီအချို့တို့ ပူးပေါင်း အဆိုပြု ခဲ့သော အယုံအကြည်မရှိ အဆိုကို လွှတ်တော်အမတ် ၈၁ ဦးအနက် ၅၀ ၏ ထောက်ခံမှုဖြင့် အတည်ပြု နိုင်ခဲ့သည်။

အခြား ဘာသာဝင်များနှင့် နှိုင်းယှဉ်ပါက ဩသဒေါ့ ဘာသာရေးအဖွဲ့ကို အလွန်အမင်း အားကောင်း စေ သည်ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် အနောက်အုပ်စု လိုလားသော နိုင်ငံရေးပါတီများက ဝေဖန်ခဲ့ကြ သော်လည်း ယခုလအတွင်း ဝန်ကြီးချုပ် အဘာဇိုဗစ်က အဆိုပါ ဘာသာရေးအဖွဲ့နှင့် သဘောတူ စာချုပ် ကို လက်မှတ်ရေးထိုးခဲ့သည်။

ဝန်ကြီးချုပ် အဘာဇိုဗစ် လွှတ်တော်မှာ မိန့်ခွန်းပြောနေ (Reuters)

အထက်ပါ သဘောတူစာချုပ်အရ ပြည်တွင်း၌ နှစ်ပေါင်းများစွာ တည်ရှိနေသော ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်ခဲ့ပြီး EU လိုလားသော နိုင်ငံရေးပါတီများ၊ ဆားဘီးယားနှင့်ရုရှားတို့ ကျောထောက် နောက်ခံ ပြုသူများအကြား အကွဲအပြဲများကို ကုစားရန် အထောက်အကူပြုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။

အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအား တားဆီးရန်အတွက် နိုင်ငံရေး ပါတီ အချို့ကို ယခု အယုံအကြည်မရှိအဆို တင်သွင်းနိုင်အောင် ပံ့ပိုးပေးသည့် ဒုစရိုက်ဂိုဏ်များလည်း နောက်ကွယ်၌ ရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

“ဒီတိုင်းပြည်ကို ရာဇဝတ်သားတွေကပဲဖြစ်ဖြစ်၊ နိုင်ငံသားတွေကပဲဖြစ်ဖြစ် ဆက်ပြီး အုပ်ချုပ်ကြပါ လိမ့် မယ်။ မွန်တီနီဂရိုးမှာ ဒီလို ဒုစရိုက်သမားတွေက နိုင်ငံရေး ဆက်ဆံရေးကို ချိန်ညှိဖို့ သူတို့လက်တံ ထုတ် သုံး နေကြတဲ့အတွက် ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်” ဟု အယုံအကြည်မရှိအဆို တင်သွင်းခြင်း ခံရသည့် အစိုးရအဖွဲ့ကို ဦးဆောင်သူ ဝန်ကြီးချုပ် အဘာဇိုဗစ်က ရင်ဖွင့်သွားခဲ့သည်။

Source: Reuters