CNI Internaional News

လန်ဒန်၊ ဩဂုတ် ၂၀

ရုရှားသည် ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းကြောင့် နိုင်ငံပေါင်း ၂၀ ပါဝင်သည့် G-20 အုပ်စုအစည်းအဝေးသို့ တက် ရောက်ခွင့် မရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ်လ ၁၉ ရက်တွင် ပြောကြား ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

“ယူကရိန်းမှာ ရန်လိုမှု ဆက်ရှိနေတဲ့အတွက် ရုရှားဟာ G-20 အစည်းအဝေး တက်ခွင့်မရှိပါဘူး” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“G-20 အစည်းအဝေးမှာ ရုရှားရဲ့ သက်ရောက်မှုတွေကို ထည့်စဉ်းစားဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းချက်ကို ကြိုဆိုပါတယ်။ ထို့အတူ G-20 ထိပ်သီး အစည်းအဝေးကို သမ္မတ ဇာလန်းစကီး ကိုယ်စားပြုပြီး ယူကရိန်းတက်မယ့် အလားအလာကိုလည်း ကြိုဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီး အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တက်ရောက်ကြမည်ဟု သိရသည်။

ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ဘောရစ်ဂျွန်ဆင်၏ နေရာကို အစားထိုးရန် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နှစ်ဦး အနက်မှ တစ်ဦးဖြစ်သူ ရီရှီဆန်းနက်က “မော်စကိုအနေဖြင့် ယူကရိန်းစစ်ပွဲ ရပ်တန့်သွားချိန်အထိ ပူတင်ကို အစည်းအဝေးများ တက်ရောက်ခြင်းမှ တားမြစ်ရန်” G-20 အုပ်စုဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်။

G-20 အစည်းအဝေး

“ကျနော်တို့ G-20 မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်တွေအနေနဲ့ ပူတင်ရဲ့ စက်ဆုပ်စရာကောင်းတဲ့ အပြုအမူကို စုပေါင်း ဖော်ထုတ်ကြဖို့ တာဝန်ရှိပါတယ်။ ယူကရိန်းမှာ သူ့ရဲ့ တရားမဝင်စစ်ပွဲကို မရပ်မချင်း (G-20 အစည်း အဝေး) စားပွဲဝိုင်းမှာ ဝင်ထိုင်ခွင့် မရှိဘူးဆိုတာ ပူတင်ဆီကို အသိပေးလိုပါတယ်” ယခင်ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဟောင်းဖြစ်ခဲ့သူ ရီရှီဆန်းနက်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။

ဘောရစ်ဂျွန်ဆင် နေရာအတွက် ယှဉ်ပြိုင်နေသူ လက်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) ကတော့ “အိန္ဒိယနှင့်အင်ဒိုနီးရှားတို့လို မဟာမိတ်နိုင်ငံများ၏ ရှေ့မှာ ပူတင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အရေးကြီးကြောင်း” ယခင်ဇူလိုင်လ သူမ၏ သဘောထား မှတ်ချက်များကို ကိုးကားပြီး ထပ်မံပြောကြားခဲ့သည်။

“ကျမ အဲဒီ အစည်းအဝေးတက်မယ်။ အဲဒီမှာ ပူတင်ကို ပြောမယ်” ဟု ယခင် ဇူလိုင် ၂၅ ရက်၌ ရုပ်သံလိုင်း ထုတ်လွှင့်ခဲ့သည့် စကားစစ်ထိုးပွဲတွင် လစ်ဇ်ထရက်ဇ်က မှတ်ချက်ပေးခဲ့သည်။

G-20 အစည်းအဝေးသို့ တက်ရောက်ရန် ရှီကျင့်ဖျင်နှင့် ပူတင်တို့ထံမှ မိမိ အတည်ပြုချက် ရပြီးဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Reuters, The Straits Times