CNI International News

ဂျကာတာ ဇူလိုင် ၈

ကမ္ဘာ့အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထိပ်တန်း သံတမန်များသည် ယူကရိန်းတွင် ရုရှား၏ ကျူးကျော်စစ် အဆုံးသတ်ရေးအတွက် အိမ်ရှင်ဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ၏ ပန်ကြားချက်ဖြင့် ယနေ့ (ဇူလိုင် ၈ ရက်) G-20 အစည်း အဝေးကို စတင်လိုက်ကြောင်း အေပီက ရေးသားထားသည်။

အဆိုပါ G-20 သည် စက်မှု ထိပ်သီး နိုင်ငံပေါင်း ၂၀ ကို ကိုယ်စားပြု ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ သက်ရောက်မှု အပါအဝင် ယူကရိန်းစစ်ပွဲ၏ လှိုင်းဂယက်များက ယခုအစည်းအဝေးတွင် သက်ရောက်မှုရှိနေကြောင်း အိမ်ရှင်ဖြစ်သူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆုဒီ (Retno Marsudi) က အစည်း အဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Sergey Lavrov) ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) နှင့် ဥရောပနိုင်ငံများမှ သံတမန်များ ပါဝင်ကြသည့် G-20 အဖွဲ့ အတွင်း စည်းလုံးညီညွတ်ကြရန် ၎င်းက မေတ္တာရပ်ခံ ပန်ကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နဲ့ ရက်နိုမာဆုဒီကိုတွေ့ရစဉ် (AP)

“ကမ္ဘာကြီးမှာ ကပ်ရောဂါဘေးကနေ သိပ်မကောင်းလာသေးပေမယ့်လည်း ကျမတို့ဟာ ယူကရိန်းစစ်ဆိုတဲ့ နောက်ထပ် အကျပ်အတည်း တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလို လှိုင်းဂယက်တွေရဲ့ သက်ရောက်မှုကို တကမ္ဘာလုံးမှာ အစားအစာ၊ စွမ်းအင်နဲ့ ရုပ်ပိုင်းဆိုင်ရာ နေရာတွေမှာ လွှမ်းခြုံခံစားနေကြရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုအခါ ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် ယူကရိန်းစစ်ပွဲ၏ ဂယက်ကြောင့် ဖြစ်ပေါ်လာသော လောင်စာဆီနှင့် ဂျုံစပါး ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရက်နိုမာဆုဒီက သဘောထား မှတ်ချက်ပေးခဲ့သည်။

G-20 အဖွဲ့သည် အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် (သို့မဟုတ်) ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာသော နိုင်ငံပေါင်းစုံ စည်းမျဉ်းများအပေါ် အခြေခံသည့် နိုင်ငံတကာအစီအစဉ် (the multilateral rules-based international order) နှင့်စပ်လျဉ်း၍ ကမ္ဘာ့ယုံကြည်မှု ပျက်ပြားစေလာမည့် အန္တရာယ်အတွက် တာဝန်ယူရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲသည် နိုင်ငံတကာ အစီအစဉ်ကို ယိမ်းယိုင်စေကြောင်း ရက်နိုမာဆုဒီက ပြောကြားနေစဉ်အတွင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် ဆော်ဒီအာရေဗျနှင့် မက္ကစီကိုနိုင်ငံများမှ ဝန်ကြီးများကြားတွင် ထိုင်နေပြီး တစုံတရာ တီးတိုးပြောဆိုခြင်းမရှိဘဲ စာရွက်များကိုသာ ဟိုလှန်၊ သည်လှန်လုပ်နေပုံရကြောင်း အေပီသတင်းတွင် ဆက်လက် ရေးသား ထားသည်။

 ယူကရိန်းစစ်ပွဲ 

ရက်နိုမာဆုဒီက “ရိုးရိုးသားသား ပြောရရင် ကမ္ဘာကြီးမှာ အတူယှဉ်တွဲနေထိုင်ဖို့ ပိုခက်ခဲလာတယ်ဆိုတာ ငြင်းမရဘူးရှင့်။ လက်ရှိ ကမ္ဘာ့အခြေအနေက လူတွေဟာ နိုင်ငံစုံဝါဒကို ယုံကြည်လာကြပြီး ကမ္ဘာ့စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်တဲ့စွမ်းရည် ဆုံးရှုံးစေတာ တွေ့ရပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

“ဒါကြောင့် စစ်မြေပြင်မှာ မဟုတ်ဘဲ စေ့စပ်ညှိနှိုင်းရေး စားပွဲပေါ်မှာတင် သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့က ကျမတို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကမ္ဘာက ကျမတို့ကို စောင့်ကြည့်နေတော့ ကျမတို့ မအောင်မြင်လို့ မဖြစ်ဘူးရှင့်” ဟု တိုက်တွန်းခဲ့ သည်။
ရက်နိုမာဆုဒီ၏ သဘောထား မှတ်ချက်များသည် G-20 နိုင်ငံများ၏ ခေါင်းဆောင်များအတွက် ရှေ့ပြေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခု အစည်းအဝေး၏ အပြင်ဘက်တွင် နိုင်ငံ ၂၀ မှ နိုင်ငံခြားရေးဝန်ကြီးများသည် တစ်ဦးချင်းအလိုက်၊ အဖွဲ့ငယ်များအလိုက် သီးခြားအစည်းအဝေးများ ကျင်းပကြရန် မျှော်လင့်ထားသည်။ လာမည့် နိုဝင်ဘာလတွင်လည်း G-20 ထိပ်သီး အစည်းအဝေး ကျင်းပသွားရန် စီစဉ်ထားကြောင်း အေပီသတင်းအရ သိရသည်။

Source: AP