CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈

ပြည်တွင်းမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ပြည်သူလူထု ကိုယ်တိုင်ရပ်မှ တိုက်ပွဲများ ရပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်ဘက်မှ တုံ့ပြန်မှုမှာ အလွန်ကြမ်းတမ်းသည့်အတွက် နောက်ဆက်တွဲ အနေဖြင့် ပြည်သူလူထုများ၏ တွန်းလှန်မှုက ပိုမိုမြင့်တက်လာကြောင်း ၎င်းက ပြောသည်။

ရဲဘော်ဆန်နီက “အဲဒီတိုက်ပွဲတွေ ကြာရှည်မှုက လူထုက ဘယ်လောက်အထိ၊ ဘယ်အချိန်အထိ ဘယ်လိုအနေအထား ရောက်မှ ရပ်မလဲဆိုတာ ဒါလူထုကိုယ်တိုင်က ကိုင်တဲ့ လူထုကိုယ်တိုင်က တိုက်တဲ့ တိုက်ပွဲဖြစ်တဲ့ အခါကြတော့ လူထုရပ်တဲ့ အချိန်ကြမှ ရပ်မယ်လို့ ထင်တယ်လေ။ အဲဒီတော့ တိုက်ပွဲက ဘယ်လောက်ရှည်မယ်၊ ဘယ်လောက် ကြာမယ်ဆိုတာတော့ ပြောဖို့ ခက်ပါတယ်။ စစ်ကောင်စီဘက်က တုံ့ပြန်မှုကလည်း အရမ်းကြမ်းတမ်းတယ်၊ အရမ်းကို လူမဆန်စွာ တုံ့ပြန်မှုတွေ ရှိတဲ့အခါကြတော့ ဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ ခုနက ကျနော်တင်ပြခဲ့သလိုပဲ ပြည်သူလူထုရဲ့ တုံ့ပြန် တွန်းလှန်မှုက ပိုပြီးတော့ မြင့်တက်လာတယ်။ မြင့်တက်လာတဲ့ တွန်းလှန်တုံ့ပြန်မှုက လူထုကိုယ်တိုင်ရပ်တဲ့ အချိန်ကြမှ ဒီတိုက်ပွဲက ရပ်မှာ၊ ဒီပဋိပက္ခက ရပ်မယ်လို့ ကျနော်အဲဒီလိုပဲ နားလည်ပါတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယောဒေသက YDF တပ်ဖွဲ့ (YDF)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ ယနေ့အထိ ဖြစ်ပွားလျက်ရှိသည်။

လက်ရှိမှာ မိုးတွင်းကာလကို ရောက်ရှိလာပြီ ဖြစ်သည့်အတွက် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ အားနည်းသွားနိုင် ကြောင်း၊ လေယာဉ်ပျံ အသုံးပြုမှုများ အကန့်အသတ်ရှိသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “ဒီမိုးတွင်းကာလမှာ လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေ အသုံးချဖို့ဆိုတာလည်း အကန့်အသတ်ရှိတဲ့ အနေ အထားပါ။ အဲဒီတော့ ရာသီဥတု မကောင်းဘူးဆိုရင် မသွားနိုင်ဘူး။ မလာနိုင်ဘူး။ နောက်ပြီး အောက်ခြေ ရှင်းရှင်း လင်းလင်း မမြင်ရဘူးဆိုတဲ့ အခြေအနေမှာ လေကြောင်းထိုးစစ် အသုံးချနိုင်မှုတွေ အတော်အားလျော့ လာနိုင်ပါတယ်။ ဒါကြောင့် ကျနော် တို့ ဒေသကျွမ်းကျင်တဲ့ မိုးတွင်းမှာလည်း လှုပ်ရှားနိုင်တဲ့ PDF တွေအတွက် မိုးတွင်းဟာ စစ်ကောင်စီတပ်ကို ချေမှုန်းဖို့အတွက် အခွင့်အလမ်းတွေ ပိုသာ၊ ပိုများလာလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်မိပါတယ်” ဟု ပြောသည်။

ယနေ့ လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲအချို့တွင် တပ်မတော်ဘက်မှ လေယာဉ်ဖြင့် တိုက်ခိုက်မှုများ ရှိနေသည်။

ကယားပြည်နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ (KNDF)

လက်ရှိတွင် မိုးတွင်းကာလကို ရောက်ရှိသွားသော်လည်း လက်နက်ကိုင် ပဋိပက္ခများမှာ လျော့ကျသွားမည် မထင်ကြောင်း၊ ပြောက်ကျားစစ်များ ဆက်လက် ဖြစ်ပွားနေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “မိုးတွင်းရောက်သွားလည်း သူ့ဟိုဟာကတော့ လျော့မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် သိ သလောက်တော့ အဲဒီဖက်က ဖြစ်နေတဲ့ တိုက်ပွဲတွေက ထိပ်တိုက်ဖြစ်တာတော့ သိပ်မရှိဘူး။ တပ်က စစ်ကြောင်း ထိုးတယ် ဆိုရင် PDF တွေက မိုင်းထောင်မယ်၊ ပြောက်ကျား ပစ်မယ်ပေါ့နော်၊ ရှောင်ပေးမယ်ပေါ့။ ဆိုတော့ အခုကတော့ ပြောက်ကျား စစ်ကာလ၊ ပြောက်ကျားစစ် အဆင့်မှာပဲ ရှိနေသေးတယ်။ ဆိုတော့ အဲဒါတွေကတော့ သူတို့ဝင်လာရင် ပြောက်ကျားပစ်မယ်၊ မိုင်းထောင်မယ်၊ အဲဒီဟာတွေကတော့ လှုပ်ရှားမှု၊ တပ်က လှုပ်ရှားမှု ရှိနေသေးရင် သူတို့လည်း ဆက်ပြီးတော့ အဲဒီလို တိုက် နေဦး မယ်ထင်တယ်။ လျော့သွားစရာ အကြောင်းမရှိဘူးပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နှင့် တပ်မတော် အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ သိန်းနှင့်ချီရှိနေသည်။