CNI International News

မော်စကို၊ မတ်လ ၁၅

ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းမှ ဝန်ထမ်းတစ်ဦးသည် ယူကရိန်းသို့ကျူးကျော်မှုကို ဆန့်ကျင်သောအားဖြင့် ညနေခင်း သတင်းတင်ဆက်နေခြင်းအား အနှောင့်အယှက်ပေးခဲ့ကြောင်း သိရသည်။

Pervy Kanal ရုပ်သံလိုင်းညနေခင်းသတင်း တိုက်ရိုက်ထုတ်လွှင့်နေစဉ် အဆိုပါဝန်ထမ်းသည် သတင်းကြေညာ နေသူ အမျိုးသမီးနောက်ကွယ်သို့ ပြေးထွက်လာပြီး ရုရှားနှင့် ယူကရိန်းအလံများ၊ အင်္ဂလိပ်နှင့် ရုရှားဘာသာတို့ဖြင့် စာသားများ ဖော်ပြထားသည့် လက်ကိုင်ပိုစတာကို ကိုင်မြှောက်ပြခဲ့သည်။ ၎င်းဖော်ပြထားသော စာသားများတွင် “စစ်ပွဲအလိုမရှိ။ စစ်ပွဲရပ်ပါ။ ဝါဒဖြန့်တာတွေ မယုံကြနဲ့။ ဒီမှာ မင်းကို သူတို့လိမ်နေတယ်။ ရုရှားလူမျိုးတွေ စစ်ဆန့် ကျင်ကြ” စသည်ဖြင့် ရေးသားထားသည်။

ယခုဖြစ်စဉ်သည် ရုရှားနိုင်ငံပိုင် မီဒီယာတစ်ခုအတွက် ထူးထူးခြားခြား စစ်ဆန့်ကျင်ရေး ကန့်ကွက်မှုတစ်ခု ဖြစ်ခဲ့ သည်။ ရုရှားမီဒီယာများအနေဖြင့် ယူကရိန်းသို့ ရုရှားကျူးကျော်မှုကို သိသိသာသာ လျှော့ပေါ့ထုတ်လွှင့်နေခဲ့ပြီး ကျူးကျော်တိုက်ခိုက်နေခြင်းကို “အထူးစစ်ဆင်ရေး” တစ်ခုအဖြစ်သာ ပုံဖော်နေခဲ့သည်။

ထိုသို့ ပုံဖော်ထုတ်လွှင့်မှု၏ရလဒ်အနေဖြင့် ရုရှားနိုင်ငံသားအများအပြားသည် ၎င်းတို့နိုင်ငံအနေဖြင့် ယူကရိန်းသို့ စစ်အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်နေသည်ဟု ရိုးရှင်းစွာ ယုံကြည်လက်ခံခြင်း မရှိပေ။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီး မရှေးမနှောင်းမှာပင် ဆန္ဒထုတ်ဖော်သူက ၎င်းမည်သူမည်ဝါဖြစ်ကြောင်း ရှင်းပြထားသည့် ကြိုတင်ရိုက်ကူးထားသော ဒုတိယဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် Account များပေါ် ပျံ့နှံ့လာခဲ့သည်။

၎င်းသည် မာရီနာအိုဗာစီယန်နီကိုဗာအမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး Pervy Kanal ရုပ်သံလိုင်းတွင် အယ်ဒီတာ အဖြစ် ထမ်းဆောင်နေကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများနှင့် လွတ်လပ်သောမီဒီယာတစ်ခုဖြစ်သည့် Meduza တို့က ထုတ်ဖော်ခဲ့ကြသည်။

၎င်းသည် ရုရှားသမ္မတဗလာဒီမာပူတင်ကို စစ်ပွဲအစပျိုးခဲ့ခြင်းအတွက် အပြစ်တင်ခဲ့ပြီး ရုရှားပြည်သူများလည်း အလားတူဆန္ဒထုတ်ဖော်ကြရန် တိုက်တွန်းခဲ့သည်။

“ယူကရိန်းမှာ ဖြစ်ပျက်နေတာက ရာဇဝတ်မှုပါ။ ပြီးတော့ ရုရှားဟာ ရန်လိုတဲ့နိုင်ငံဖြစ်နေပါတယ်” ဟု အိုဗာစီယန် နီကိုဗာအမည်ရှိ အဆိုပါအမျိုးသမီးက ဆက်လက်ပြောကြားခဲ့သည်။

“ရန်လိုတိုက်ခိုက်ခြင်းအတွက် တာဝန်ရှိသူမှာ တစ်ဦးတည်းသာဖြစ်ပြီး ထိုသူမှာ ဗလာဒီမာပူတင်ဖြစ်ကြောင်း” ၎င်းက စွပ်စွဲခဲ့သည်။

၎င်း၏ဖခင်သည် ယူကရိန်းလူမျိုးဖြစ်ပြီး မိခင်ကတော့ ရုရှားလူမျိုးဖြစ်ကြောင်း၊ ရုရှားနိုင်ငံပိုင်မီဒီယာအတွက် အလုပ်လုပ်ပေးခဲ့မိ၍ လွန်စွာနောင်တရမိကြောင်း အိုဗာစီယန်နီကိုဗာက ရင်ဖွင့်ခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျမက Pervy Kanal မီဒီယာမှာ အလုပ်လုပ်ခဲ့ပြီး ကရင် မလင်အတွက် ဝါဒဖြန့်ပေးခဲ့ရလို့ အခုတော့ အင်မတန် ရှက်နေမိတယ်။ ရုပ်သံဖန်သားပြင်ကနေ လိမ်ညာ ပြောရ တာ ရှက်စရာပါ” ဟု အိုဗာစီယန်နီကိုဗာက ဖြည့်စွက်ပြောကြားခဲ့သည်။


သူမဆန္ဒထုတ်ဖော်ခဲ့သော အခိုက်အတန့်အသည် စစ်ဆန့်ကျင်ရေးဆန္ဒပြသူပေါင်း ထောင်နှင့်ချီ၍ ဖမ်းဆီးခံခဲ့ရ သော ရုရှားနိုင်ငံအတွက် ကြီးမားသည့်အကျိုးဆက်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေသည်။ အဆိုပါဖြစ်စဉ်ကို စုံစမ်း စစ် ဆေးပေးရန် Tass ရုရှားသတင်းဌာနက ရုရှားအစိုးရရှေ့နေရုံးထံသို့ အကြောင်းကြားခဲ့သည်။

Source: vice.com