CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သူရဦးအောင်ကိုအား အဂတိလိုက်စားမှုဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်က အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သူရဦးအောင်ကိုသည် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုးအား နှစ်စဉ် ချီးမြှင့်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ငွေသားကျပ် သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် အား လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင် တစ်ဦးမှ လုပ်ငန်းများ ရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ငွေကျပ် ၁၀၀၅ သိန်းတန်ဖိုးရှိ Ford Ecerest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထို့နောက် အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်အား ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့ ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ တရားစွဲဆိုခဲ့ရာ ရာဇဝတ်ကြီးမှု အမှတ် ၅/၂၀၂၁ ၊ ၆/၂၀၂၁ ၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့ဖြင့် စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရသော သူရဦးအောင်ကို

ထုတ်ပြန်ချက်တွင် “၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ရာဇဝတ်ကြီးမှု အမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေ ရန်နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့အား ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့သည်”ဟု ဖော်ပြထားသည်။

သူရဦးအောင်ကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က NLD အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရသည်။