CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇

မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံကိုကာကွယ်ရန် ဝယ်ယူထားသည့် လက်နက်များဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင်လည်း ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် KNDF၊ မဟာမိတ် ပူးပေါင်းတပ် တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ လက်နက်မျိုးစုံသုံး တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

တပ်မတော် ဖြုတ်ချရေး တော်လှန်ရေးလုပ်နေသော ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ကိုတွေ့ရစဉ် (KNDF)

KNDF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “လက်နက်ကတော့ အစုံပါပဲ ခင်ဗျ။ လေကြောင်း တိုက်ခိုက်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတာကအစ၊ နောက်ပြီးတော့ ဟောင်ဝှစ်ဇာလို့ခေါ်တဲ့ အဝေးပစ်ပေါ့နော် လက်နက်ကြီးတွေ ပေါ့နော်၊ အဝေးပစ်ဒုံးတွေကို သုံးပြီးတော့ ပစ်တာပေါ့နော်၊ နောက်ပြီးတော့ ဒီမြေပြင်မှာဆိုရင်လည်း မြေမြှုပ်မိုင်း တွေကို အဓိက အများအပြား သုံးတာပေါ့နော်၊ အဆမတန် မြေမြှုပ်မိုင်းတွေကို သုံးတယ်၊ စစ်ကောင်စီ တပ်စွဲခဲ့တဲ့ ကျေးရွာတွေဆိုရင် ပြည်သူတွေ ပြန်လည်နေထိုင်လို့ မရတော့လောက်အောင် မြေမြှုပ်မိုင်းတွေက များပြားနေတာ ဖြစ်ပါတယ်၊ စစ်ကောင်စီက ထောင်ထားတာဖြစ်တယ်၊ စစ်ကောင်စီက ဒါကို နိုင်ငံကို ကာကွယ်ဖို့ ဝယ်ထားတဲ့ လက်နက်တွေကို ပြည်သူတွေကို တိုက်ခိုက်တဲ့ နေရာတွေမှာ၊ တိုင်းရင်းသားတွေကို တိုက်ခိုက်တဲ့ နေရာမှာ သုံး တယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခတွင် မြန်မာ့တပ်မတော်ဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပိုမိုပြုလာခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် တိုက်ပွဲနှင့် သင့်လျော်သည့် လက်နက်အမျိုးအစားကို မြန်မာ့တပ်မတော်က အသုံးပြု ခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။

တပ်မတော် ဆန့်ကျင်ရေး ဒီမိုကရေစီ တောင်းဆိုရေး ဆန္ဒပြခဲ့ကြသည်ကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “ပြောရရင်တော့ ရင်ဆိုင်နေရတဲ့ စစ်ပွဲနဲ့ လိုက်လျောညီထွေတဲ့ လက်နက် အမျိုးအစားကို သုံးတယ်လို့ ပြောလို့ရပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ၊ လေယာဉ်မရှိတဲ့ သူကတော့ ဒါလေယာဉ်နဲ့ လာလိုက်တဲ့ အချိန်မှာ တော့ ဒီလိုမျိုး လက်နက်ကြီးနဲ့ ငါတို့ကို လာတိုက်ရလားဆိုတဲ့ ဝေဖန်မှုတွေ၊ သုံးသပ်ချက်တွေတော့ ဖြစ်ချင်ဖြစ်မှာ ပေါ့၊ ဒါပေမဲ့ စစ်ပွဲတစ်ပွဲမှာ စစ်ပွဲတစ်ပွဲဟာ ဘယ်လောက်အထိ ဆိုးဝါးလာသလဲ၊ ကြမ်းတမ်းလာသလဲ၊ တစ်ဖက်က တော့ ဒီစစ်ပွဲကို အနိုင်ရဖို့ နည်းလမ်းမျိုးစုံ သုံးလာတယ်ဆိုရင် တစ်ဖက်ကလည်း ဒါကို ဖြတ်နိုင်ဖို့ဆိုရင် လိုအပ်တဲ့ လက်နက်ကို အချိန်အတိုင်းအတာ အကန့်အသတ် ပိုင်းခြားပြီး သုံးရတာပေါ့လေ၊ အဲဒီတော့ နိုင်ငံတော် ကာကွယ် ရေးအတွက်ဆိုတဲ့ စကားလုံး တစ်ခုအောက်ထဲမှာ သွားပြီးတော့ လုံးချပြီးပြောလို့တော့ အဆင်မပြေပါဘူး။ သူ့ သက်ဆိုင်ရာ နယ်ပယ်နဲ့ ထိုက်တန်လျော်ကန်တဲ့ လက်နက်မျိုး သုံးတယ်လို့ပဲ ကျနော်တို့ သုံးသပ်ချက်ပေးလို့ ရပါတယ်” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲအတွင်း မြန်မာ့တပ်မ‌တော်ဘက်မှ လေယာဉ်ပစ်ကူများ၊ စစ် ရေယာဉ်များ၊ မြေပြင်ပစ် ဒုံးများဖြင့် တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး နေအိမ်နှင့် အဆောက်အအုံများ မီရှို့ဖျက်စီး ခံနေရသလို ဒေသတွင်းနေ လူထုများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။