CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄

နွေဦးတော်လှန်ရေးနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)က ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ပေါင်းစပ်ကာ ရည်မှန်းချက်အဆုံးထိ သွားမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တိုက်ပွဲများ ရပ်တန့်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့က ပြည်သူများလိုလားသည့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် နွေဦးတော်လှန်ရေးတွင် အဆုံးအထိ ပါဝင်မည် ဆိုသည့် ရပ်တည်မှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ချင်းရွှေဟော်မြို့ကို MNDAA က ထိန်းချုပ်ထားကြောင်း ပြသထားစဉ်

၎င်းက “အဲဒါကတော့ သူတို့ မူလအဆိုပြုထားတဲ့ ၁၀၂၇ စီမံကိန်းဟာ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်မှာ ဖြစ် တယ်၊ ဗမာပြည်သူတွေ လိုလားတဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ပန်းတိုင်အထိ၊ အဆုံးအထိ ပါဝင်မယ်ဆိုတဲ့ အချက်ကို ထပ်မံပြီး အတည်ပြုပေးလိုက်တာ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ကောလာဟလတွေ သတင်းတွေ နဲ့ ပတ်သက်ပြီး‌တော့ ပြည်သူလူထု အနေနဲ့ စိုးရိမ်ကြောင်းကြမှုရှိစရာ မလိုဘူးဆိုတာကို ကျနော်တို့ သဘော ပေါက် သွားတဲ့အတွက် နိုင်ငံရေးအရတော့ အကျိုးရှိတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(MDY-PDF)တို့လည်း ပါဝင်ခဲ့သည်။ 

BPLA ရဲဘော်များကိုတွေ့ရစဉ်

လက်ရှိ မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲမှာ တပ်ဖက်က အရံတပ်ဖွဲ့များ ထုတ်လာပါက ညီနောင်မဟာမိတ်အဖွဲ့များ နောက်ဆုတ်ရမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ရဲ့ ဘုံရည်မှန်းချက်လို့ပဲ သူတို့က ပြောရမှာပေါ့၊ ဘာဖြစ်လို့လဲဆိုရင် MNDAA ချင်းရွှေဟော်ကို သိမ်း နိုင်အောင်၊ ကွမ်းလုံကို သိမ်းနိုင်အောင် ဒီဖက်က TNLA တို့၊ AA တို့က ဒီဖက်မှာ လမ်းကြောင်း ဖြတ်တောက်ရေးတို့ သိန္နီတို့၊ နောင်ချိုတို့၊ လားရှိုးတို့မှာ တိုက်ကွက် ဖော်ပေးရတာပေါ့နော်၊ အဲဒီတော့ သူ့ရည်မှန်းချက် အောင်မြင်သွား မှ သူက မင်းတို့ ဖြစ်ချင်တိုင်းဖြစ်တော့ကွာ ငါတော့ မလုပ်တော့ဘူးဆိုတာမျိုးတော့ ဘယ်လုပ်လို့ကောင်းမလဲ၊ အဲဒီ တော့ ဒါကတော့ ကျင့်ဝတ်အရတော့ ဒီလိုပဲ ပြောမှာပဲ၊ သူတို့အချင်းချင်း တကယ့်တကယ်ကြတော့ အခုလက်တွေ့ အနေအထားမှာ သူတို့ ဘယ်လိုပဲလုပ်လုပ် လက်ရှိအနေအထားမှာ ကျနော် ခုနပြောသလိုပေါ့၊ တပ်က သူရဲ့ Strategic Reserve ပေါ့၊ မဟာဗျူဟာမြောက် အရံတပ်ဖွဲ့တွေ ဒီဘက်က မထုတ်သေးဘူးပေါ့နော်၊ ဘာကြောင့်လဲ ကျနော်မသိဘူး။ အဲဒီလို ထုတ်လာတဲ့ တနေ့ကြရင် သူတို့ နောက်ဆုတ်ရမှာပဲ၊ သူတို့ လက်ရှိ အနေအထားအရ တော့ သူတို့ရည်မှန်းချက်က အောင်မြင်မှာ မဟုတ်ဘူး။ တနေ့နေ့တော့ အားလုံးတော့ ပြန်ပါသွားမှာပဲလို့ ကျနော် တော့ ပြောချင်တယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တွင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသလို လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများလည်း ရှိနေသည်။