CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် လူမျိုးစုပဋိပက္ခများ ပြေလည်စေရန်အတွက် ငြိမ်းချမ်းရေးလိုချင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကို အစိုးရမှ ငြိမ်းချမ်းရေးပေးသင့်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
တိုင်းရင်းသားများ လက်နက် ကိုင်ဆောင်လာရခြင်းသည် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုက ရေစီရရှိရေးအတွက် နိုင်ငံရေးအရ အာမခံချက် မရှိခြင်းကြောင့် ၎င်းတို့သည် နိုင်ငံတော်မှ ခွဲထွက်ရန်မဟုတ်ဘဲ မိမိတို့ဒေသ၊ လူမျိုးစုများ၏ အခွင့်အရေးများကို အပြည့်အဝရရှိရေး ကာကွယ်ရန် ရည်ရွယ်ကြခြင်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်းရေး လိုလားသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား စစ် မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ပြီး၊ အကြမ်းဖက်မှုများကို ရပ်တန့်ပြီး အရပ်သားအစိုးရနှင့် တိုင်းရင်း သား အင်အားစုများအကြား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ခြင်းဖြင့်သာ ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် လက်နက်ကိုင်ထားခြင်းထက် ငြိမ်းချမ်းရေး ယူလိုက်ခြင်းက ပိုပြီးဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်း ဌာနသို့ ပြောသည်။

လက်နက်ကိုင် အင်အားစုများကို တွေ့ရစဉ်
၎င်းက “သူတို့တိုင်းရင်းသားတွေ လိုချင်တဲ့ အခွင့်အရေးကို ဒီဘက်က ပေးနိုင်တဲ့ အခြေအနေနဲ့ပေါ့ ပေးနိုင်တဲ့ အခြေအနေနဲ့ ကွာဟနေတော့ သူတို့က သူတို့အင်အားရှိကြောင်း ပြမှသာလျှင် သူတို့အခွင့်အရေး ရမယ်ဆိုတဲ့ ယုံကြည်ချက် ဖြစ်သွားတာပေါ့လေ။ အဲဒါကြောင့်လည်း တိုင်းရင်းသားတွေက လက်နက်ဆွဲကိုင်သလို ဖြစ်သွား တာပေါ့။ လက်နက်ဆွဲကိုင်ပြီးတဲ့ နောက်ကြတော့လည်း တခြား လက်နက်ကိုင်ရဲ့ အရသာ သိသွားမှာပေါ့ဗျာ။ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အင်အားစုလေးတွေ ရှိပါတယ် အနည်းငယ်ပါ။ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အကုန်လုံးပေါ့။ ကျနော်တို့ အစိုးရဘက်ကတော့ တိုင်းရင်းသား လူမျိုးတွေ တောင်းဆိုတဲ့ အချက် အလက်တွေကို အခြေခံဥပဒေအရ အာမခံနိုင်တဲ့အထိ ကျနော်တို့က ပြင်ဆင် အတည်ပြုသွားဖို့ ပြည်ထောင်စုအဖွဲ့ အစိုးရအဖွဲ့ရော ကျနော်တို့ ဒီလက်ရှိ လက်တလော လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကလည်း သဘော ဆန္ဒ ရှိကြပါတယ်။ အဲဒီလိုပဲ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ကိုယ့်တိုင်းရင်းသားတွေရဲ့ မျက်နှာက ဒီငြိမ်းချမ်းရေး ယူလိုက်တာက လက်နက်ကိုင်ထားတာထက် ပိုပြီး ဖွံ့ဖြိုးရေး မြန်တယ်ဆိုတာကို ကျနော်တို့က သိသွားစေချင်တာ အဲဒီအသိမြန်ရင်လည်းပဲ ကျနော်တို့ ငြိမ်းချမ်းရေး အလွယ်တကူ ပြန်ရမယ်လို့ပဲ ယုံကြည်ပါ တယ်။ စစ်ပွဲထက်ပေါ့ဗျာ ငြိမ်းချမ်းရေးက ပိုပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုတယ်ဆိုတာကို သိစေချင်ပါ တယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များအား ဖိအားပေးခြင်း သို့မဟုတ် လက်နက်ချခိုင်းခြင်းထက် နိုင်ငံရေးအရ တန်းတူ ညီမျှမှုကို အခြေခံ၍ နှစ်ဖက်စလုံးက အလေးအနက် ဆွေးနွေးကြရမည်ဖြစ်သည်။
တိုင်းရင်းသားများ၏ တောင်းဆိုချက်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ကို အစိုးရ ဘက်က အာမခံချက် ပေးနိုင်ရမည်ဖြစ်ပြီး၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ်နှင့် လူ့အခွင့်အရေးများကို အခြေခံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
စစ်ရေးပဋိပက္ခ ဖြစ်နေခြင်းသည် တိုင်းပြည်အတွက် အများကြီး အခက်အခဲရှိကြောင်း၊ ထို့ကြောင့် စစ်ရေးပဋိပက္ခ ကို စားပွဲခုံတွင် ဖြေရှင်းရအောင်ဆိုပြီး မိမိတို့က တွန်းအားပေးနေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် အင်အားစုများကို တွေ့ရစဉ်
၎င်းက “စစ်ဖြစ်နေတဲ့ တိုင်းပြည် တစ်ခုဟာဆိုလို့ရှိရင် တိုးတက်ဖို့ဟာ အင်မတန်မှ ခက်ခဲပါတယ်။ စစ်ဖြစ်နေတဲ့ ဒေသတိုင်း၊ ဒေသတိုင်းမှာ အားလုံးက အခက်အခဲတွေရှိတယ်။ ရလာတဲ့ ပိုက်ဆံတွေကိုလည်း စစ်အတွက်ပဲသုံးရ တာတွေရှိတယ်။ အိုးအိမ်ပျက်စီးမှုတွေ အများကြီးရှိတယ်၊ ပြည်သူလူထုတွေ နစ်နာမှုတွေ အများကြီးရှိတယ်၊ ဒါဟာဆိုလို့ရှိရင် စစ်ကြောင့် စစ်ကဘာကြောင့် ဖြစ်လာရလဲ ဆိုလို့ရှိရင်လည်းပဲ မကျေနပ်မှု များစွာကြောင့် စစ်က ဖြစ်လာရတယ်။ အဲဒါတွေကို ငြိမ်းသက်မယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးစကားကို ပြောရမယ်။ တိုင်းပြည်ငြိမ်းချမ်း သွားပြီဆိုလို့ရှိရင် ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်အောင် အများကြီး လုပ်လို့ရတယ်လို့ ကျမတော့ မြင်ပါတယ်။ အဲ ဒါကြောင့် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်ရမယ်၊ ငြိမ်းလည်း ငြိမ်းချမ်းရမယ်၊ လက်နက်ကိုင် ပဋိပက္ခကိုလည်းပဲ စားပွဲခုံမှာ ဖြေရှင်းနိုင်တဲ့ အနေအထား တစ်ခုခုကို ရောက်ရမယ်ဆိုပြီးတော့မှ ကျမတို့က အားသွန်ခွန်စိုက် ကြိုးစား နေကြတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေလို့ရှိရင် ဘယ်တိုင်းပြည်မှ မတိုးတက်ဘူး၊ ကျမတို့ မျက်စိထဲမှာကို တိုး တက်သွားတဲ့ တိုင်းပြည်တွေရှိတယ်။ ဘာကြောင့် တိုးတက်သွားတာလဲဆိုလို့ရှိရင် စစ်ပွဲတွေ ငြိမ်းသွားတယ်၊ အဲဒါ ကြောင့်ပဲ တိုးတက်သွားတယ်။ ဒါကြောင့် ကျမတို့က စစ်ရေးပဋိပက္ခ ဖြစ်နေခြင်းသည် တိုင်းပြည်ဒေသတွေ အတွက် အများကြီး အခက်အခဲရှိတဲ့ အတွက်ကြောင့် စစ်ရေးပဋိပက္ခကို စားပွဲခုံမှာ ဖြေရှင်းရအောင် ဆိုပြီးတော့မှ ကျမတို့က တွန်းအားပေးနေတာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများသည် ဦးသိန်းစိန် အစိုးရ လက်ထက်ကထက် ပိုမိုပေါများ လာသည့်အပြင် ၎င်းတို့တပ်စွဲရာ ဒေသများ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော် ခွင့်ပြုခြင်း၊ သတ္တုတွင်းများ တူးဖော်ခြင်း၊ လက်နက် ရောင်းချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းအပြင် အခြား သော အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာနေကြသည်။
လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် တည်ရှိနေသော လက်နက်ကိုင်အင်အားစုများ လျှော့ချရေးနှင့် ပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သော နည်းလမ်းနှင့် အဖြေကို ရှာမတွေ့သေးပေ။
သို့သော် တချို့သော လက်နက်ကိုင် အဖွဲ့အစည်းများသည် NCA နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် Bilateral များ ရေးထိုးပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်လိုကြသော်လည်း အစိုးရနှင့်တပ်မတော်ဘက်က လက်မခံဘဲ ပယ်ချမှုများ ရင်ဆိုင်နေရသည်။
ထိုသို့ အစိုးရနှင့်တပ်မတော်ဘက်က ရပ်တည်နေပါက စစ်ပွဲကို လိုလားသော လက်နက်ကိုင် အင်အားစုများဘက် ကို ရောက်ရှိသွားအောင် တွန်းအားပေးသလို ဖြစ်သွားနိုင်ခြင်းကြောင့် အစိုးရက ငြိမ်းချမ်းရေး လိုချင်သည့် လက်နက်ကိုင်များကို ငြိမ်းချမ်းရေး ပေးသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
