CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်ရာ တွင် ၎င်းတို့အတွက် လက်နက်စွန့်ရလျှင်လည်း အကျိုးစီးပွားခံစားခွင့် ယုတ်လျော့မသွားဘူးဆိုသည့် အမြင်မျိုး မြင်ရန် လိုအပ်နေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်စရာတွေကတော့ အများကြီးပဲ။ အဓိက,ကတော့ အဖွဲ့အစည်း အသီးသီးကြားမှာ ယုံကြည်မှုမရှိဘူး ဖြစ်နေတယ်လို့ ကျနော်တို့က မြင်တာပေါ့။ အဓိက အရေးကြီးတာက ယုံကြည်မှု၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တာကိုလည်း လက်နက်ကိုင် အဖွဲ့အစည်းဘက်က ယုံကြည်မှု၊ လက်နက်ကိုင် အဖွဲ့အစည်းဘက်ကလည်း အစိုးရဘက်က ကတိကဝတ်တွေ၊ ပေးတဲ့ အခွင့်အရေးတွေ ယူပြီးတော့ ငြိမ်းချမ်းရေးကို တကယ်လိုလားပြီးတော့ လိုက်နာဆောင်ရွက်မယ်ဆိုတဲ့ ယုံကြည်မှုပေါ့။ နှစ်ဖက်ယုံကြည်မှု ပျောက် နေတဲ့ အခြေအနေလို့ မြင်တယ်။ အဓိက ပြောချင်တာကတော့ လက်နက်စွန့်လွှတ်ရလို့ သူတို့ရဲ့ အကျိုး စီးပွား ခံစားခွင့်တွေ ယုတ်လျော့ မသွားဘူး။ ငြိမ်းချမ်းရေးကသာ ဒေသဖွံ့ဖြိုးရေးကို ပိုမို အထောက်အကူ ပြုတယ် ဆိုတဲ့ အမြင်ကို လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက မြင်ဖို့တော့ လိုအပ်နေတာ” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး အခန်းကဏ္ဍလည်း ပါရှိသည်။

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကာ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီ နောက်ဆုံးထား၍ တွေ့ဆုံဆွေးနွေး ကြဖို့ သမ္မတဦးမင်းအောင်လှိုင်က ပြောကြားထားသည်။
NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ အနေဖြင့် မိမိတို့ လက်မှတ် ရေးထိုးထားသည်ကို အကောင် အထည် ဖော်သည်အထိ လုပ်သွားချင်သည့် ဆန္ဒရှိကြောင်း၊ တွေ့ဆုံဆွေးနွေးကြမည်ဆိုပါက မည်သည့်ခေါင်းစဉ် ကို စတင် ဆွေးနွေးမည်မှာ စဉ်းစားစရာရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုခေါင်းစဉ်မျိုးနဲ့ ကျမတို့ကို စပြီး ဆွေးနွေးချင်တာလဲပေါ့။ အဲဒါလည်း စဉ်းစားစရာ တစ်ခုတော့ ရှိပါတယ်။ လက်မှတ် ရေးထိုးထားကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ရေရှည် တည်တံ့ခိုင်မြဲရေးကို ဦးတည် ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှုကို အခြေခံပြီးတော့မှ NCA မှာပါတဲ့ သဘောတူ ညီချက်တွေကို ပြီးဆုံးသည်အထိ အကောင်အထည်ဖော်သွားဖို့။ ပြီးဆုံးအောင် အကောင်အထည် ဖော်သည် သာမက ကျမတို့ရဲ့ အာသီသသည် ဒီတိုင်းပြည်ကြီး တစ်ခုလုံးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဒီလောက် ဒုက္ခခံလာကြပြီးမှ ကျမတို့ဟာ ကိုယ်လက်နဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ပြီးတော့မှ တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက် အပြည့်ရှိတယ်။ အဲဒါကြောင့် လက်မှတ်ရေးထိုးထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကျမ ရဲ့ သဘာထားကို ပြောရမယ်ဆိုရင် ကိုယ်တို့ လက်မှတ် ရေးထိုးထားတာကို ကိုယ်ကတော့ အကောင်အထည် ဖော် အောင်အထိ လုပ်သွားချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် ကျမနဲ့အတူ တခြားသော ပုဂ္ဂိုလ်တွေက တူချင်မှ တူလိမ့် မယ်။ အဲဒါကြောင့် လူပုဂ္ဂိုလ်အမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုး အပေါ် မူတည်ပြီးတော့မှ ပုံစံအမျိုးမျိုးနဲ့ သွားရမယ်။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ နောက်ပြီး စေတနာနဲ့ ဂရုဏာရှိဖို့ လိုအပ်တယ်။ အဲဒါလည်း ကျမ ထည့်ပြောချင်ပါ တယ်” ဟု ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးမား ကျယ်ပြန့်လာနေသည့် မြန်မာ့နိုင်ငံရေး အခင်း အကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ရာနှင့်ချီ များပြားလာခဲ့ သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုသည်လည်း ယခင်ကထက် ပိုမို အင်အားကြီး ထွားလာခဲ့ ကာ စစ်ရေးအရ သိမ်းပိုက်ထားနိုင်မှုလည်း အများအပြား ရှိကြသည့် အနေအထားဖြစ်သည်။
မြန်မာ့တပ်မတော်သည် ၅ နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြောင့် လက်လွှတ် ဆုံးရှုံးထားရသည့် နယ်မြေဒေသ အများအပြား ရှိနေသည်။
လက်ရှိတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်များအနက် မြောက်ပိုင်းအဖွဲ့များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့် ပလောင်တပ် (TNLA) တို့သည် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူထားကြ သည့် အဖွဲ့များဖြစ်သည်။
