CNI International News
လန်ဒန်၊ ဧပြီ ၂၇
လာမည့် သီတင်းပတ်တွင် အမေရိကန်သို့ သွားရောက်မည့် ဗြိတိန်ဘုရင်ကြီး၏ နိုင်ငံတော်အဆင့် ခရီးစဉ်အတွက် လုံခြုံရေးကို ပြန်လည်သုံးသပ်နေကြောင်း The Independent သတင်း၌ ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တက်ရောက်ခဲ့သည့် အိမ်ဖြူ တော် သတင်းထောက်များအသင်း ညစာစားပွဲကို သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ယခုကဲ့ သို့ လုံခြုံရေးကို ပြန်လည် သုံးသပ်ရန် စဉ်းစားလာခြင်းဖြစ်သည်။
သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ညစာစားပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတ ထရမ့်နှင့် အစိုးရအဖွဲ့မှ အခြားအဆင့်မြင့် အရာရှိများကို လုံခြုံရေးအေးဂျင့်များက အမြန်ဆုံး ကယ်ထုတ်သွားခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်၏ အတွင်းရေးမှူး ဒါရန်ဂျုံးစ် (Darren Jones) က Sky News သို့ ပြောကြားရာတွင် ဗြိတိန်ဘုရင်ကြီး ချားလ်စ် (King Charles) ၏ ခရီးစဉ်အတွက် လုံခြုံရေး စီမံချက်များကို သင့်လျော်သလို စနစ်တကျ ချမှတ်ထားနိုင်ရန် မိမိတို့အနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ခရီးစဉ်မတိုင်မီ လုံခြုံရေး အစီအမံများကို ထပ်မံတိုးမြှင့် လုပ်ဆောင်မည် ဟုတ်၊ မဟုတ်ဟု BBC က မေးမြန်းရာ တွင် ဂျုံးစ်က “အစိုးရနဲ့ တော်ဝင်နန်းတော်တို့ဟာ ခရီးစဉ် မတိုင်ခင်ကတည်းက အမေရိကန်ဘက်က တာဝန်ရှိသူ တွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး လာမယ့် သီတင်းပတ် မတိုင်ခင်မှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်သွား မှာပါ” ဟု ပြောကြားခဲ့သည်။
အီရန်စစ်ပွဲတွင် ပါဝင်ပတ်သက်ရန် ဗြိတိန်က ငြင်းဆန်ခဲ့ခြင်းကြောင့် အမေရိကန်သမ္မတနှင့် ဆက်ဆံရေး ပိုမို တင်းမာခဲ့သည့် ဝန်ကြီးချုပ် ကီယာ စတာမာ (Kier Starmer) သည် ထရမ့်အား သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု လည်း ၎င်းက ဆိုသည်။
“ဒါတွေက အံ့အားသင့်စရာ ဖြစ်ရပ်တွေပါ။ ဒီနေ့ မနက်မှာပဲ ဝန်ကြီးချုပ်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတနဲ့ အတူရပ်တည်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်” ဟု မစ္စတာဂျုံးစ်က ပြောကြားခဲ့သည်။
စတာမာကလည်း ဝါရှင်တန်တွင် ညတွင်းချင်း ဖြစ်ပွားခဲ့သည့် အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲက ဖြစ်ရပ်များကို အံ့အားသင့်မိကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဒီမိုကရေစီ အဖွဲ့အစည်းများ သို့မဟုတ် သတင်း လွတ်လပ်ခွင့်အပေါ် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို အပြင်း ထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချရမည်ဖြစ်ကြောင်း၊ သမ္မတ၊ သမ္မတကတော်နှင့် တက်ရောက်လာသူများ အားလုံး ဘေးကင်းလုံခြုံကြခြင်းအတွက် အလွန် စိတ်သက်သာရာရမိကြောင်း စတာမာက ရေးသားခဲ့သည်။
ထိုညစာစားပွဲတွင် ပစ်ခတ်ခဲ့သည့် အမျိုးသားမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ တော်ရန့်စ် (Torrance) မြို့မှ အသက် ၃၁ နှစ်အရွယ် ကိုးလ် တွမ်မစ်တ် အလန် (Cole Tomas Allen) ဖြစ်ပြီး ၎င်းအား ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာမှာပင် ဖမ်းဆီးရမိခဲ့သည်။
Source: The Independent
