CNI International News

လန်ဒန်၊ စက်တင်ဘာ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဗြိတိန်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဒေါ်လာ ၁၀ ဘီလျံ တန်ဖိုးရှိ စာချုပ်များ ချုပ်ဆိုဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် စက်တင်ဘာ ၁၆ ရက် ဗြိတိန်စံတော်ချိန် ညပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ထိုခရီးစဉ်သည် ထရမ့်အတွက် အမေရိကန်သမ္မတအဖြစ် ဗြိတိန်သို့ သွားရောက်သည့် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။

လန်ဒန်သို့ ထရမ့် ရောက်ရှိမလာမီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) နှင့် ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ရေချယ် ရိဗ်စ် (Rachel Reeves) တို့သည် ပွဲဦးထွက် အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

ထရမ့်သည် စက်တင်ဘာ ၁၇ ရက်တွင် ဗြိတိန်၏ ချားလ်စ်ဘုရင်ကြီးနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံကို တွေ့ရစဉ်

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ကမူ ထရမ့်နှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုသည် ဗြိတိန် အတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ထားပြီး အမေရိကန်ထိပ်သီး အရာရှိများကလည်း ထရမ့်၏ ခရီးစဉ် အတွင်း စွမ်းအင်နှင့် နည်းပညာ အပါအဝင် ဒေါ်လာ ၁၀ ဘီလျံကျော် တန်ဖိုးရှိသည့် သဘောတူ စာချုပ်များကို ကြေညာသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

"အခုလို သမိုင်းဝင်တဲ့ ဒုတိယမြောက် နိုင်ငံတော်ခရီးစဉ်ဟာ အမေရိကန်နှင့် ဗြိတိန်ကြားက အထူးဆက်ဆံရေးကို ပြန်လည်ဆန်းသစ်စေပြီး အလေးထားဖော်ပြရာ ရောက်ပါလိမ့်မယ်" ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။

ထရမ့်၏ ခရီးစဉ်နှင့်အတူ တစ်ချိန်တည်းမှာပင် ဗြိတိန်သို့ သွားရောက်မည့် အမေရိကန် စီးပွားရေး အလုပ်အမှု ဆောင်များ ကိုယ်စားလှယ်အဖွဲ့တွင် Nvidia Corp ၏ စီအီးအို ဂျန်ဆန်ဟွမ် (Jensen Huang) နှင့် OpenAI ၏ စီအီးအို ဆမ် အတ်မန်း (Sam Altman) တို့ အပါအဝင် အခြားစီးပွားရေး လုပ်ငန်းရှင်များကလည်း အစည်းအဝေး ကို တက်ရောက်မည်ဖြစ်သည်။

ထရမ့်သည် ပထမသက်တမ်း ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လကလည်း ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်ဖြင့် သွားရောက်ခဲ့ပြီး ထိုအချိန်က ဗြိတိန်၏ ဒုတိယမြောက် အဲလိဇဘတ်သ် ဘုရင်မကြီး (Queen Elizabeth II) နှင့် တွေ့ဆုံခဲ့သည်။

ထို့ကြောင့် ယခုခရီးစဉ်သည် ထရမ့်အတွက် သမ္မတအဖြစ် ဗြိတိန်သို့ သွားရောက်သည့် ဒုတိယမြောက် နိုင်ငံတော် ခရီးစဉ်ဖြစ်ကာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ၆ နှစ်အတွင်း ဗြိတိန်သို့ သွားရောက်သည့် ပထမဆုံးနိုင်ငံတော် ခရီးစဉ် လည်း ဖြစ်သည်။

Source: ရိုက်တာ