CNI International News

အစ္စလာမ်မာဘက်၊ မေလ ၁၉

အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးကို စိတ်ချသေချာစေရန်အတွက် ဗြိတိန်သည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီ (David Lammy) က မေလ ၁၇ ရက် တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့စေရန်၊ အပြန်အလှန် ယုံကြည်မှုရှိစေရန်၊ ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန်တို့အတွက် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု လမ်မီက ဆိုသည်။

အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများသည် ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန် ကြား တိုက်ခိုက်မှုများနှင့် တင်းမာမှုများကို အရှိန်လျော့ကျအောင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေး ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ လျင်မြန်သည့် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများကြောင့် အိန္ဒိယနှင့် ပါကစ္စတန်ကြား မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း အခြေအနေမှာ ကျိုးပျက်လွယ်သည့် အနေအထားမှာပင် ရှိနေဆဲဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကို တွေ့ရစဉ်

“အပစ်အခတ်ရပ်စဲရေး တည်တံ့စေဖို့အတွက် ကျနော်တို့က အမေရိကန်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မှာပါ။ နှစ်နိုင်ငံကြား ယုံကြည်မှုကို အခြေခံပြီး ဆွေးနွေးမှုတွေ ဖြစ်မြောက်စေဖို့ အစီအစဉ်တွေကို လုပ်ဆောင် သွားမှာပါ”ဟု လမ်မီက ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘက် (Islamabad) မြို့တော်သို့ လာရောက်သည့် ၂ ရက် ကြာ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ဧပြီလက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နှင့် အိန္ဒိယကြား ပြီးခဲ့သည့် သီတင်းပတ်က အပြန်အလှန် တိုက်ခိုက်ခဲ့ကြကာ စစ်ပွဲဖြစ်ပွားလုနီး အခြေအနေသို့ ရောက်ရှိခဲ့သည်။

ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ကာ ပါကစ္စတန်ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် ကြားနေနိုင်ငံတစ်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

“အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနှစ်နိုင်ငံဟာ အတိတ် ကာလက ပြောဆိုဆက်သွယ်မှုတွေ မရှိသလောက် ရှားပါးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ရေရှည် တည်တံ့အောင် သေချာလုပ်ဆောင်စေချင်ပါတယ်” ဟု လမ်မီက ပြောကြားခဲ့သည်။

Source: ရိုက်တာ