CNI International News

ထရီပိုလီ၊ မေလ ၁၉

အမေရိကန်အစိုးရသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို လစ်ဗျားနိုင်ငံသို့ ရွှေ့ပြောင်းနေရာ ချထား ပေးရန် စီစဉ်နေသည်ဆိုသည့် သတင်းများအား လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံးက မေလ ၁၈ ရက်တွင် ငြင်းဆိုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် ဂါဇာမှ ပါလက်စတိုင်း ၁ သန်းခန့်ကို လစ်ဗျားတွင် ရာသက်ပန် ရွှေ့ပြောင်းနေရာ ချထားရန် စီစဉ်နေသည်ဟု မေလ ၁၅ ရက်တွင် NBC News က ဖော်ပြခဲ့သည်။

NBC News သည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နီးစပ်သည့် အမေရိကန်အရာရှိဟောင်းတစ်ဦး၊ လူ ၂ ဦး အပါအဝင် စုစုပေါင်း လူ ၅ ဦး၏ ပြောကြားမှုများကို ကိုးကားပြီး ထိုကဲ့သို့ သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

“ဂါဇာဒေသခံတွေကို လစ်ဗျားကို ရွှေ့ပြောင်းနေရာ ချထားပေးမယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး” ဟု အမေရိကန် သံရုံးက X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

လစ်ဗျားနိုင်ငံအတွင်း တစ်နေရာကို တွေ့ရစဉ်

ထရီပိုလီ (Tripoli) မြို့တော်အခြေစိုက် နိုင်ငံတကာ အသိအမှတ်ပြု အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရကမူ ထိုကြောင်းအရာနှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်က လွှဲပြောင်း ရယူလိုပြီး ဂါဇာရှိ ပါလက်စတိုင်းများကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရာ ချထားပေးလိုကြောင်း ပြောကြား ခဲ့ဖူးသည်။

ထရမ့်၏ ပြောကြားချက်ကို ပါလက်စတိုင်းများက အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ပေါ်ပေါက်စေခဲ့သည့် သိန်းနှင့်ချီသည့် ပါလက်စတိုင်းများက ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရသည့် အခြေအနေမျိုးနှင့် တူညီနေကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် သမ္မတတာဝန်ကို စတင်ရယူခဲ့ပြီးနောက် အမေရိကန်၏ မဟာမိတ်များဖြစ်သည့် အီဂျစ်နှင့် ဂျော်ဒန် တို့ကို ဂါဇာမှ ပါလက်စတိုင်းများအား လက်ခံထားရှိစေလိုကြောင်း ပြောကြားခဲ့သည်။

သို့သော် အီဂျစ်နှင့် ဂျော်ဒန် နှစ်နိုင်ငံစလုံးက ထိုအစီအစဉ်ကို ငြင်းဆိုခဲ့ပြီး ထရမ့်၏ ပြောကြားချက်ကို ပါလက်စတိုင်းများနှင့် အာရပ်နိုင်ငံများ အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့သည်။

Source: ရိုက်တာ