CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၇

အနည်းဆုံးလုပ်ခလစာနှင့် ကောက်ပဲသီးနှံဈေးနှုန်းကို မြှင့်တင်ပေးသွားမည်ဟု ထိုင်းနိုင်ငံ၏ ပင်မအတိုက်အခံ ပါတီတစ်ခုဖြစ်သော ဖြူးထိုင်းပါတီက အင်္ဂါနေ့တွင် ကတိပြုခဲ့သည်ဟု Bangkok Post သတင်းတွင်ဖော်ပြသည်။

လာမည့်နှစ်အစောပိုင်းတွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲများတွင် စစ်တပ်နှင့်ဆက်နွယ်နေသည့် ဆယ်စုနှစ် တစ်ခုကြာအုပ်ချုပ်မှုကို အဆုံးသတ်ရေးမဲဆွယ်မှုများ စတင်ချိန်တွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သူတို့ကိုသာ မဲပေးရွေးချယ်ခဲ့မည်ဆိုလျှင် စီးပွားရေးဖွံ့ဖြိုးမှုကို နှစ်စဉ်ပျမ်းမျှ ၅ ရာခိုင်နှုန်းမြှင့်တင်ရန်၊ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှုကို တိုးချဲ့ရန်နှင့် ပြည်သူများဝင်ငွေပိုမိုရရှိစေရေးတီထွင်မှုအရည်အသွေးနှင့် ဒစ်ဂျစ်တယ် စီပွားရေးတို့အား လုပ်ဆောင်ပေးသွားမည်ဟုလည်း ဖြူးထိုင်းပါတီက ကတိပေးသည်။

ပြူထိုင်းပါတီ၏ မဲဆွယ်မှုကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ(Thaksin Shinawatra)၏ သမီးဖြစ်သူ ပေတုန်တန်း(Paetongtarn) က အင်္ဂါနေ့တွင်စတင်ခဲ့ကာ ၎င်းမှာ အမတ်နေရာ ၅၀၀ ရှိသော လွှတ်တော်အတွက် ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိရေး ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ရွေး ကောက်ပွဲများကို လာမည့်မတ်လတွင် ကျင်းပရန် စီစဉ်ထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ပေတုန်တန်း

အဆိုပါ ရွေးကောက်ပွဲတွင် ဖြူးထိုင်းပါတီက အနိုင်ရရှိမည်ဟု သတင်းကြီးနေသော်လည်း အစိုးရဖွဲ့ရန် လိုအပ် သော လွှတ်တော်အတွင်း နေရာ ၂၅၀ အတွက် တခြားသောပါတီများ၏ ထောက်ခံမှုများမှာ လိုအပ်နေဆဲ ဖြစ်သည်။ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်ကို ဆက်လက်ရွေးချယ်မည် ဖြစ်သည်။

အတိုက်အခံပါတီသည် လက်ရှိဝန်ကြီးချုပ် ပရာယွတ် (Prayut) ၏ အုပ်ချုပ်မှုကို အဆုံးသတ်ရေးအတွက် စီးပွားရေးနာလန်ထူရန် ရုန်းကန်နေရမှု၊ လူနေမှုစရိတ်ကြီးမြင့်လာမှုတို့အပေါ် ပြည်သူများ၏ အလိုမကျမှုကို အခြေခံကာ မဲဆွယ်မှု လုပ်ဆောင်နေသည်။

ငွေကြေးဖောင်းပွမှုမြင့်တက်နေခြင်းနှင့် ကူးစက်ရောဂါအလွန် ကာလအတွင်း စီးပွားရေးရုန်းကန်နေရသည့် အခြေအနေများကြောင့် မကြာသေးခင်ကပြုလုပ်ခဲ့သော လူထုစစ်တမ်းအတွင်း ပရာယွတ်သည် ပေတုန်တန်း၏ နောက်တွင်သာရှိနေသည်။

“ကျနော်တို့ ယခုရွေးကောက်ပွဲကို ရှုံးလို့မဖြစ်ပါဘူး။ ကျနော်တို့အနေနဲ့ ပြည်သူများအတွက် အခွင့်အရေးများနဲ့ မျှော်လင့်ချက်များကို ပြန်လည်ယူဆောင်ပေးရပါမည်” ဟုလည်း ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကော က ပြောသည်။

Source:Bangkok Post