CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ သိမ်းသွား သည့် ပန်တိန်းဒေသနှင့် စွတ်ပိုင်ဒေသရှိ နယ်ခြားစောင့်တပ်စခန်းများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဟု နစက-က ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သွားသည်။

အမှတ်(၁၀၀၄)နယ်ခြားစောင့်တပ်နှင့် အမှတ်(၁၀၀၅)နယ်ခြားစောင့်တပ်တို့အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အပြန်အလှန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် KNDF နှင့် KNPP ထံမှ လက်နက်မျိုးစုံ ၄၁ လက်၊ ခဲယမ်းမျိုးစုံ ၉၂၇ တောင့်၊ ဗုံးသီးမျိုးစုံ ၂၈ လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တပ်မတော် မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး-ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် KNDF နှင့် KNPP တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် မယ်စဲ့ဒေသမှ စခန်းအချို့အား သိမ်းပိုက်နိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်းလည်း တပ်မတော်ဘက်က ထုတ်ပြန်သွားသည်။

ကယားပြည်နယ်ရှိ တပ်မတော်၏ တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ ဘီပီ-၁၄ စခန်း၊ မယ်စဲ့စခန်းနှင့် နမ်ပေါင် စခန်းတို့အား KNDF နှင့် KNPP တို့က အင်အားအလုံးအရင်းဖြင့် ဇွန်လ ၁၃ ရက်မှ ၁၉ ရက်အထိ တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ထို့နောက် ဇွန်လ ၁၇ ရက်နေ့တွင် အမှတ်(၁၀၀၄)နယ်ခြားစောင့်တပ်မှ (ကလလတ)အသွင်ပြောင်းတပ်ဖွဲ့ဝင် အချို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ တောခိုသွားပြီး KNPP၊ KNDF တို့နှင့်ပူးပေါင်းသွားခဲ့ပြီး တခြားသော တပ်မတော်သားများနှင့် မိသားစုဝင်များကို အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

အဆိုပါ အခြေအနေတွင် မြန်မာ့တပ်မတော်က ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှာပဲ လေကြောင်းချီတပ်ဖွဲ့များ အသုံးပြု၍ ကွန်မန်ဒိုနည်းဖြင့် ချီတက်ချဉ်းကပ်ကာ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူဖြင့် မွန်းလွဲပိုင်း၌ အမှတ် (၁၀၀၄)နယ်ခြားစောင့်တပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။

အလားတူ စွတ်ပိုင်ဒေသရှိ အမှတ်(၁၀၀၅)နယ်ခြားစောင့်တပ်ကိုလည်း ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်၊ မယ်စဲ့ဒေသတွင် မြန်မာ့တပ်မတော်နှင့် KNDF-KNPP ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။